28 C
Yangon

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် “ရှိခဲ့သည်” ရုပ်ရှင်များကို အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့တွင် စပြမည်

Must read

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် “ရှိခဲ့သည်” ရုပ်ရှင်များကို အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့တွင် စပြမည်

ရန်ကုန်၊ မတ် ၂၃

ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ ခေါင်းဆောင်ပါဝင်ထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် Voice of PDF မှ ဒါရိုက်တာ ဂိဒေါင် ရိုက်ကူးပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ဇာတ်လမ်းတိုတို့ကို ပူးတွဲ၍ အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့မှ စတင်ပြသသွားမည် ဖြစ်ကြောင်း ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် Movie Press Conference တွင် ပြောကြားသည်။

အဆိုပါ ဇာတ်ကားနှစ်ကားကို ပူးတွဲ၍ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများအပါအဝင် အနည်းဆုံး နိုင်ငံ ၅ နိုင်ငံတွင် ပြသသွားမည်ဖြစ်ပြီး ပြသမည့် နေရာများကို “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” Facebook စာမျက်နှာဖြစ်သည့် https://web.facebook.com/ourturnshortfilm တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ ဇာတ်ကားများနှင့် ပတ်သက်၍ ပြည်တွင်းရှိ ပြည်သူများ ကြည့်ရှုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်ကားကို တော်လှန်ရေးကာလအတွင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ကြောင်းနှင့် ပြည်သူဆီမှ လာသည့် အားနှင့် ဇာတ်လမ်းအမည်ပေးဖြစ်ခဲ့ကြောင်း ဒါရိုက်တာ ကိုဏကြီးက ပြောဆိုသည်။

“ဒီခေါင်းစဉ်ကတော့ ပြည်သူကပဲ လာတယ်လို့ပဲ ယူဆတယ်။ ဒီခေါင်းစဉ်နဲ့ စာတွေရေးတဲ့ ကိုနေသန်မောင်လည်း ပြောတယ်။ ဒါက တော်လှန်ရေးထဲမှာ ပြည်သူတွေထဲက ထွက်လာတဲ့ ကြွေးကြော်သံတစ်ခုဆိုပြီး ။ ကျွန်တော် အဲဒါကို အားလေးတစ်ခုယူပြီးတော့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုပြီး ပေးဖြစ်တာပါ။ ဇာတ်လမ်းကတော့ တော်လှန်ရေးကြီးအထဲမှာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေက အမြဲကြားနေရတယ်။ ဒီဇာတ်လမ်းကလည်း Inspiration ယူပြီးတော့ ဇာတ်လမ်းလေး တစ်ခုဖြစ်အောင် လုပ်လိုက်တယ်။ သတင်းတွေ၊ Social Media တွေမှာ မြင်ရတာကို Reflect ပြန်လုပ်ဖြစ်တဲ့ Inspiration ယူပြီးတော့ ရိုက်ဖြစ်တာပါ” ဟု ဇာတ်ကား၏ ဒါရိုက်တာ ဏကြီးက ဇာတ်ကားရိုက်ကူးဖြစ်ပုံနှင့် ခေါင်းစဉ်ပေးဖြစ်ပုံကို ရှင်းပြသည်။

ထို့ပြင် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ ပါဝင် သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်လမ်းတိုမှာလည်း ရဲဘော်များ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲနားချိန်ရိုက်ကူးရသည်ဖြစ်၍ အခက်အခဲများစွာကြုံရကြောင်း ဒါရိုက်တာ ဂိဒေါင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ဇာတ်ကားရိုက်ကူးရန်အတွက် ကိရိယာ အစုံအလင်မရှိဘဲ ဖုန်းတစ်လုံးတည်းနဲ့ ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးရသည့်အတွက် ကတ် တစ်ကတ် တည်းနှင့် တစ်နေကုန် ရိုက်ကူးရသည်များလည်း ရှိကြောင်း၊ မြို့ပေါ်နေရာများအတွက် ရိုက်ကူးရန် နေရာရှာရမှုနှင့် ဇာတ်ဆောင်အမျိုးသမီး၏ မြို့သူ ဇာတ်ရုပ်အတွက်အဝတ်အစားရှာဖွေရသည့် အခက်အခဲများလည်း ကြုံတွေ့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒါရိုက်တာ ဂိဒေါင်က ပြောဆိုသည်။

ဇာတ်ကားနှင့် ပတ်သက်၍ ရရှိလားသည့် ရန်ပုံငွေများကို မြေပြင်ရှိ တော်လှန်ရေးအဖွဲ့များကို တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် လှူဒါန်းခဲ့မှုများကို စာရင်းများနှင့် တကွ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” Facebook စာမျက်နှာတွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်တွင် Normalize (ပုံမှန်အခြေအနေ) ဖြစ်နေသည်ကို ပြသလိုသည့်အနေနှင့် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ၊ မင်းအောင်လှိုင် သမီးပိုင် 7th sense ထုတ်လုပ်ရေးသည် လက်ရှိအချိန်တွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိသော်လည်း တခြားအမည်များ၊ ကုမ္ပဏီခွဲများအသွင်ဖြင့် ငွေများ ပုံအော၍ အကျိုးအမြတ်မရရှိသော်လည်း ဇာတ်လမ်းတွဲများရိုက်ကူးခြင်း၊ ရုပ်ရှင်များ ရိုက်ကူးခြင်းဖြင့် Normalize ဖြစ်သယောင် ဖန်တီးနေခြင်းဖြစ်၍ အနုပညာရှင်များအနေနှင့် ပါးနပ်ရန် လိုကြောင်း ဒါရိုက်တာ ဏကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲတွင် သရုပ်ဆောင် ပိုင်ဖြိုးသူ၏ ဇာတ်ကားများကို ထည့်သွင်းထားခြင်းများ တမင်တကာ လုပ်ဆောင်ထားခြင်းဖြစ်ဟန်တူပြီး လက်တွေ့တွင် ၎င်း သရုပ်ဆောင်ထားသည့် ကြော်ငြာများကိုပါ လုံးဝ ပြသခွင့် မရှိအောင် တားမြစ်ထားကြောင်းနှင့် လက်ရှိတွင် အခက်အခဲများ ရှိသော်လည်း လက်မှတ်ထိုး၍ စစ်ကောင်စီလက်အောက်သို့ ပြန်သွားရန် လုံးဝလုပ်ဆောင်မည်မဟုတ်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article