27 C
Yangon

တရားမဝင် စစ်ကောင်စီ (သို့မဟုတ်) တရားဝင်ကြောင်း စစ်ကောင်စီ၏ လီဆယ်ပြောဆိုမှုအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ချက်

Must read

တရားမဝင် စစ်ကောင်စီ (သို့မဟုတ်) တရားဝင်ကြောင်း စစ်ကောင်စီ၏ လီဆယ်ပြောဆိုမှုအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ချက်

By လမ်းသစ်

“Illegal and Illegitimate: Examining the Myanmar Military’s Claim as the Government of Myanmar and the International Response” အမည်ရှိ Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခမ်းအနားတခုအတွင်း စစ်ကောင်စီ၏ တရားမဝင်မှုကို ရှင်းလင်းထောက်ပြ ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) ၏ဆွေးနွေးတင်ပြချက်များကို နောက်ဆုံးအပိုင်းအနေနှင့် တင်ဆက်လိုက်ပါသည်။

————————

တူညီတဲ့ နိုင်ငံတကာ တရားဝင်မှုဆိုင်ရာ စံနှုန်းတွေကို လက်တွေ့သတ္တုချ ကြည့်မယ်ဆိုရင် NUG အနေနဲ့ တရားဝင်မှုအပိုင်းမှာ ခိုင်ခိုင်မာမာရှိကြောင်း သက်သေထူနိုင်သလို၊ ဒီမိုကရေနည်းကျ တရားဝင်မှုရှိကြောင်းနဲ့ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်သူတွေ ဖြစ်ကြောင်း သက်သေပြချက်မှာလည်း စစ်ကောင်စီထက် အဆပေါင်းများစွာ ပိုပြီးခိုင်မာတယ်လို့ ကျွန်တော့်အနေနဲ့ တွေ့ရှိရပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအတွက် NUG ဟာ စစ်ကောင်စီထက် ပိုပြီး ယုံကြည်ကိုးစားနိုင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာနေပါတယ်။

အမှန်တကယ်လည်း NUG မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုနေတဲ့ လက်ဆုပ်လက်ကိုင်ပြစရာ အားကောင်းတဲ့ အထောက်အထားတစ်ခုအနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ် ရှိနေပါတယ်။ အဲဒီ့ရွေးကောက်ပွဲမှာ NLD ပါတီဟာ လွှတ်တော်အမတ် ၄၉၈ နေရာမှာ ၃၉၆ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ ၃၉၆ နေရာမှာ ၃၃ နေရာသာ ရရှိခဲ့ပါတယ်။ ကွာခြားချက်ဖြစ်တဲ့ ၃၉၆ နေရာနဲ့ ၃၃ နေရာ ကိုကြည့်ရင် သိနိုင်ပါတယ်။

ဒီနေရာမှာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NUG အကြောင်းကိုပဲ ဦးတည်ဆွေးနွေးချင်ပါတယ်။ NUG ဟာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်စွမ်းရှိပြီး ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟက်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ယုံကြည်လောက်စရာ ရွေးကောက်ပွဲရလဒ်က သက်သေထူနေပါတယ်။

NUG ဟာ ပြည်သူတွေကို ကိုယ်စားပြုနိုင်တဲ့ တရားဝင်မှု ရှိတယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းကို အခိုင်အမာ ကိုင်စွဲပြနိုင်ပါတယ်။ ဒီနေရာမှာ ထည့်သွင်းစဥ်းစားစရာ ၄ ချက် (ဒါမှမဟုတ်) စံနှုန်း ၄ ခု ရှိပါတယ်။

၁။ တာဝန်ထမ်းဆောင်ဆဲ အစိုးရတစ်ရပ်မှာ တရားဝင်မှု မရှိတော့ခြင်း

၂။ (ပြည်သူတွေရဲ့ ဆန္ဒကို) ကိုယ်စားပြုနိုင်ခြင်း

၃။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်စွမ်းရှိခြင်း

၄။ ရေရှည်တည်တံ့ခိုင်မြဲမှုရှိခြင်း

NUG ဟာ အခုအချိန်မှာ တရားဝင်မှု မရှိတော့တဲ့ အဖွဲ့အစည်းလက်အောက်မှာ ရောက်နေတဲ့ နိုင်ငံတော် ယန္တရားတွေကို ထိန်းချုပ်ခွင့်ရဖို့ ကြိုးစားနေတာပါ။

အခု NUG မှာ ပါဝင်နေတဲ့ ဝန်ကြီးတွေဟာဆိုရင် မြန်မာ့သမိုင်းမှာ တစ်ခါမှ မတွေ့ဖူးတဲ့ မတူကွဲပြားမှုတွေ စုဝေးရာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုနေတာပါ။

၂၆ ဦးရှိတဲ့ NUG အစိုးရအဖွဲ့မှာ တစ်ဝက်ခန့်က လူမျိုးစု လူနည်းစုတိုင်းရင်းသားတွေ ဖြစ်ပြီး ၈ ဦးမှာ အမျိုးသမီးဝန်ကြီးတွေ ဖြစ်တဲ့အပြင် တစ်ဦးက LGBTQ+ အုပ်စုဝင် ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်တွေ ခန့်အပ်ခြင်းနဲ့ပတ်သက်ပြီးလည်း NUG အနေနဲ့ ပိုမို ကွဲပြားစုံလင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ ကတိပြုထားပါသေးတယ်။ အထူးသဖြင့် သူတို့ရဲ့ အစိုးရအဖွဲ့မှာ ရိုဟင်ဂျာ တစ်ဦးကို ခေါင်းဆောင်နေရာ ပေးဖို့ အစီအစဥ်လည်း ပါဝင်ပါတယ်။

ဒါကြောင့် NUG ဦးဆောင်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ရှားမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ပြီး မြန်မာနိုင်ငံထဲက ပြည်သူသန်းပေါင်းများစွာရဲ့ ထောက်ခံချက်ရရှိထားတယ် ဆိုတာ ရှင်းလင်းနေပါတယ်။ NUG ဟာ ပြည်သူလူထုရဲ့ တန်ဖိုးထားမှု၊ အကျိုးစီးပွား နဲ့ ရည်ရွယ်ချက်တွေကို ထင်ဟပ်စေမယ့် အဖွဲ့အစည်းတစ်ခုဆိုရင်လည်း မှားမှာ မဟုတ်ပါဘူး။

NUG ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကတည်းက တိုင်းရင်းသားလူမျိုးစု အုပ်စုငယ်တွေ တောင်းဆိုနေကြတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးဆိုင်ရာ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြား ကတိပြုထားပါသေးတယ်။

ဒီနေရာမှာ ကျွန်တော့် အနေနဲ့ NUG ကို တိုက်တွန်းလိုတာကတော့ ERO တွေနဲ့ NUCC တို့နဲ့ ရိုးရိုးသားသား လက်တွဲပြီး အနာဂတ်မြန်မာနိုင်ငံအတွက် အစီအမံတွေ ချမှတ်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲခြင်း စတဲ့ ကိစ္စအဝဝကို ဆက်လက် ပူပေါင်းဆောင်ရွက်ပေးပါလို့ ပြောကြားချင်တာပါပဲ။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း NUG ကို မြန်မာပြည်သူလူထုအတွက် ကိုယ်စားပြုနိုင်တဲ့ တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပေးဖို့ နဲ့ ရေရှည်တည်တံ့ဖို့ သင့်တော်တဲ့ အကူအညီတွေ စတင်ပေးအပ်ဖို့ တိုက်တွန်းလိုပါတယ်။

ဒီတော့ မြန်မာ စစ်အုပ်စုအနေနဲ့ သူတို့မှာ တရားဝင်မှုရှိကြောင်း ဘယ်လိုပဲ ကြုံးဝါးပြနေပါစေ တော်လှန်ရေး လှုပ်ရှားမှုကို ဦး‌‌ဆောင်နေတဲ့ NUG ကသာ အင်မတန်အားကောင်းတဲ့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ သက်သေပြချက်ကို ဆုပ်ကိုင်ထားနိုင်တာပါ။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းမှာ တရားမဝင်မှုအပြင် နယ်မြေစိုးမိုးမှု ဆိုင်ရာ အဆုံးအရှုံးတွေကိုလည်း ရင်ဆိုင်နေရပြီဆိုတာကို လက်ရှိအခြေအနေတွေက ညွှန်ပြနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်မှာ တရားဝင်မှု ရရှိနိုင်ရေး သူတို့(စစ်ကောင်စီ) ရဲ့ကြိုးပမ်းမှုတွေက ဘယ်လိုမှ မအောင်မြင်နေတဲ့အပေါ် စိုးရိမ်မှု ဖြစ်လာတဲ့ စစ်ကောင်စီအနေနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာ ဖြစ်လာပါတယ်။

စစ်ကောင်စီအနေနဲ့ ရှေ့ဆက်ဘာလုပ်ရမလဲ စဥ်းစားတဲ့အခါ ထွက်ပေါက်အနေနဲ့ (နိုင်ငံတကာက အသိအမှတ်ပြုတဲ့) တရားဝင်မှု ရရှိရေးအတွက် ရွေးကောက်ပွဲတခု လုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ဟန်တူပြီး၊ ဒီနှစ်အတွင်း ကျင်းပမယ်လို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အလှည့်အပြောင်းတစ်ခုလုပ်လိုက်တာကြောင့် သူတို့အနေနဲ့ အများအမြင်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ဖြစ်သွားမယ့်အပြင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ တရားဝင်မှု ရရှိလာနိုင်မယ်လို့ စဥ်းစားထားပုံ ရပါတယ်။

ကျွန်တော့်အနေနနဲ့ တင်ပြလိုတာက ………

“လူကြီးမင်းတို့ခင်ဗျား….ခင်ဗျားတို့အနေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်နေသ၍ ခင်ဗျားတို့ဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို မကျင်းပနိုင်ပါဘူး”။

“ခင်ဗျားတို့အနေနဲ့ ဥပဒေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေလုပ်နေသ၍ ရွေးကောက်ပွဲ ကျင်းပဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”။

“စစ်ကောင်စီကို ဝေဖန်သူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲအ‌ရေးယူနေသ၍ တရားဝင်ဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”။ …………

ဒီနေရာမှာ (ကုလသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေအနေနဲ့လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ ငြိစွန်းတဲ့ ရွေးကောက်ပွဲမျိုးကို အကူအညီ လုံးဝ မပေးသင့်ပါဘူး။

စစ်ကောင်စီကို နည်းပညာဆိုင်ရာ အကူအညီပေးအပ်တာ၊ သီးခြား‌ရွေးကောက်ပွဲ ကော်မရှင်တစ်ခု စေလွှတ်တာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ပေးပို့တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။

အဲ့သလို လုပ်မယ့်အစား သူတို့အနေနဲ့ (ဒီရွေးကောက်ပွဲဟာ) မြန်မာ့နိုင်ငံရေးစနစ်မှာ စစ်တပ်အနေနဲ့ စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်ခွင့် ရေရှည်မြဲမြံစေဖို့ ရည်ရွယ်ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲ ဆိုတာကို အတိအလင်း စွပ်စွဲပြောဆို ရှုတ်ချသင့်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် ထားရှိတဲ့ သဘောထားတွေကို စုံစမ်းဖော်ထုတ်ဖို့ အချိန်အတော်များများ ယူခဲ့ရပါတယ်။ ဒီအပိုင်းမှာတော့ သတင်းကောင်းနဲ့ သတင်းဆိုး တွဲရက် ပါရှိနေပါတယ်။

သတင်းကောင်းကတော့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီကို မြန်မာအစိုးရအနေနဲ့ တရားဝင်ကြောင်း အသိအမှတ်ပြုဖို့ ငြင်းဆန်ကြတယ်ဆိုတာ တွေ့ရှိရလို့ပါ။

ကုလသမဂ္ဂအထွေအထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ထိုင်ခုံနေရာအတွက် စစ်ကောင်စီရဲ့‌တောင်းဆိုချက်ကို ကုလသမဂ္ဂ အသိအမှတ်ပြု ကော်မတီက ပယ်ချလိုက်ပါတယ်။

ကုလသမဂ္ဂအထွေအထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေအထွေရွေးကောက်ပွဲ ရလဒ်က ဖော်ပြနေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအနေနဲ့လည်း သူတို့ရဲ့ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားပြုမှုကို ဖယ်ထုတ်ထားပါတယ်။ (ဖိတ်ကြားခြင်း မရှိပါဘူး)။

အထူးသဖြင့် အာဆီယံ မူဝါဒ ၅ ချက်ထဲက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေး စဥ်းစားတဲ့ အာဆီယံထဲက ဒီမိုကရေစီနိုင်ငံ အများစုက စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအနေနဲ့ အသိအမှတ်ပြု ဆက်ဆံဖို့ အတိအလင်း ငြင်းဆိုထားကြပါတယ်။

ဒီနေရာမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှုကို ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ ဘယ်လို ထုတ်ပြန်ချက်တွေနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နေကြသလဲ ဆိုတာကို အထူးအသားပေး ဖော်ပြထားပါတယ်။

ဒီနိုင်ငံတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံ၊ ဂျပန်၊ လက်ချင်စတိန်း၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန် နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အတိအလင်း ရှုတ်ချခြင်း၊ သံတမန်ရေးရာ အဆင့်လျှော့ချခြင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းနဲ့ NUG ကို အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံခြင်း စတာတွေ လုပ်ဆောင်ကြပါတယ်။

ဆက်လက်ပြီး ဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ပေါ်ပေါ်ထင်ထင် ထောက်ခံကြတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဆော်ဒီအာရေးဗျ နဲ့ သီရိလင်္ကာ တို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ လုပ်ရပ်များစွာကိုလည်း သာဓကအနေနဲ့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာဆက်ဆံရေး ခိုင်မာအားကောင်းနေတဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ သံတမန်နိုင်ငံတွေ အကြောင်းကို တင်ပြချင်ပါတယ်။ ဒီအထဲမှာ ဘီလာရုစ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ စစ်ကောင်စီနဲ့ အတိအလင်း ချိတ်ဆက်ဆောင်ရွက်နေပြီး လာမယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီပြင်ဆင်ပေးနေကြပါတယ်။ ဒီနိုင်ငံတွေဟာ NUG နဲ့ ဘယ်တုန်းကမှ အကျယ်တဝင့် အဆက်အသွယ် မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေရာမှာ နိုင်ငံအချို့ရဲ့ ကင်းကင်းရှင်းရှင်း နေထိုင်လိုမှုကို အခွင့်ကောင်းယူပြီး၊ စစ်ကောင်စီက သူတို့ရဲ့ တရားဝင်မှု ရှိကြောင်း အဆိုပြုချက်ထဲမှာ (ဒီနိုင်ငံတွေကို) ထည့်သွင်းအသုံးချတာမျိုးလည်း ရှိပါတယ်။

တကယ်တော့ ဒီနိုင်ငံတွေက သူတို့ (စစ်ကောင်စီ)နဲ့ အဆက်အဆံမလုပ်ဘဲ ရေငုံနှုတ်ပိတ်နေခြင်းအပေါ် စစ်ကောင်စီက သူတို့ကို ထောက်ခံသူစာရင်းထဲ ပါဝင်သယောင် လိမ်လည်လှည့်စား ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။

နှုတ်ဆိတ်နေကြတဲ့ နိုင်ငံတွေထဲမှာ သြ‌စတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီးယားနဲ့ တောင်အာဖရိက စတဲ့နိုင်ငံတို့ပါဝင်ပါတယ်။ တကယ်တော့ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား (သို့မဟုတ်) အမျိုးသားလုံခြုံမှုဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် သီးသန့်ရေးဆွဲထားတဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပြုမူဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ အခုအခါ အာဆီယံမူဝါဒတွေအပြင် ကိုယ်ပိုင်ပြဌာန်းချက်တွေနဲ့ စစ်ကောင်စီကို ခွဲခြားဆက်ဆံနေကြတာလည်း ရှိပါတယ်။

အာဆီယံနိုင်ငံတွေထဲက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ စင်ကာပူ စတဲ့နိုင်ငံတွေဟာ စစ်ကောင်စီနဲ့ သံတမန်ရေးရာ ဆက်သွယ်မှုတွေ လျှော့ချထားသလို သူ့ (စစ်ကောင်စီ) ရဲ့တရားဝင်ကြောင်း အဆိုပြုချက်ကိုလည်း ငြင်းပယ်ထားပါတယ်။

ဒီနိုင်ငံတွေထဲက တချို့က NUG နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ ရှိသလို၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို အာဆီယံနိုင်ငံတချို့ကတော့ စစ်ကောင်စီနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ထားတယ်လို့ ယူဆနိုင်ပါတယ်။

ဒီအစီရင်ခံစာ ထွက်ပေါ်လာဖို့ ကျွန်တော့်အနေနဲ့ သေသေချာချာ သုတေသန လုပ်ခဲ့တာဖြစ်ပြီး အခု ဖော်ပြခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီက သီးခြားတုံ့ပြန်ချက်တွေနဲ့ ထပ်မံဖြည့်စွက်ချက်တွေလည်း ရခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်သုံးသပ်မိတာက နိုင်ငံအများစုက သူတို့အနေနဲ့ စစ်ကောင်စီနဲ့ အဆက်အဆံပြုလုပ်နေခြင်းဟာ စစ်ကောင်စီကို အသိအမှတ်ပြုနေတာ မဟုတ်ဘူးဆိုတာကို ကိုင်ဆွဲထားကြတာပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဗီယက်နမ်နိုင်ငံနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်။ ဗီယက်နမ်က ကျွန်တော့်ကို ပြောခဲ့တာ ရှိပါတယ်။ သူတို့နိုင်ငံအနေနဲ့ အာဆီယံ မူဘောင်ထဲကနေ မြန်မာနိုင်ငံနဲ့ ဆက်သွယ်တာ၊ ဖလှယ်တာ၊ ပူးပေါင်းလုပ်ဆောင်တာ စတဲ့ ကိစ္စတွေကို ကြည့်ပြီး (ဗီယက်နမ်အနေနဲ့) စစ်ကောင်စီကို မြန်မာအစိုးရအနေနဲ့ အသိအမှတ်ပြုနေတယ်လို့ ကောက်ချက်မချသင့်ဘူးလို့ ဆိုပါတယ်။

ကမ္ဘောဒီးယားကလည်း ကျွန်တော့်ကို အဲ့ဒီသဘောမျိုး ပြောဖူးပါတယ်။ သူတို့အနေနဲ့ စစ်ကောင်စီကို ဒီလိုမျိုး ဆက်ဆံပြောဆိုနေတာတွေကို အသိအမှတ်ပြုနေတယ်လို့ အဓိပ္ပယ်ကောက် မလွဲသင့်ကြောင်း ဆိုဖူးပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံတွေအနေနဲ့ မလွှဲသာမရှောင်သာ အခြေအနေကြောင့်သာ ပတ်သက်နေရတာဖြစ်ပြီး အသိအမှတ်ပြုခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးဆိုတဲ့ တုံ့ပြန်မှုတွေကြားရတာ ကျွန်တော့်အတွက် အားတက်စရာပါပဲ။ စစ်ကောင်စီမှာ တရားဝင်မှု မရှိဘူးဆိုတဲ့ အမှန်တရားက အရမ်းရှင်းလင်း မြင်သာတာ တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ အစီရင်ခံစာမှာ အလေးအနက်အကြံပြုလိုတာကတော့…..

စစ်ကောင်စီနဲ့ သူတို့ကို လက်နက်ထောက်ပံ့ပေးနေကြတဲ့ လက်နက်ကုန်သည်ကြီးတွေကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ကြဖို့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ မဟာဗျူဟာမြောက် ချဥ်းကပ်မှုတစ်ခုကို အမြန်ဆုံး ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရာမှာ မြန်မာစစ်တပ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာ ထောက်ပံ့နေမှုတွေ၊ (တိုက်လေယာဥ်တွေအတွက်) လေကြောင်းလောင်စာဆီ တင်ပို့မှုတွေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ္ဍာရေးလမ်းကြောင်း အားလုံးကို ထည့်သွင်းအရေးယူဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရုရှား-ယူကရိန်းအ‌ရေးနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားကြတဲ့ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နဲ့ ကိုရီးယား နိုင်ငံတွေကိုလည်း မြန်မာစစ်ကောင်စီ နဲ့ သူ့ရဲ့ စီးပွားဖက်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းလုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ပြီး အာဆီယံနိုင်ငံတွေကို တိုက်တွန်းချင်တာကတော့ ……

စစ်ကောင်စီနဲ့ (လူသိရှင်ကြား) ခပ်ဝေးဝေးမှာနေဖို့နဲ့ သူတို့ (စစ်ကောင်စီ)ရဲ့ လုပ်ရပ်တွေကို အတိအလင်း ရှုတ်ချဝေဖန်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ တရားစီရင်ပိုင်ခွင့်အောက်ကနေ စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူမှုတွေကို ထောက်ခံအားပေးသင့်ပြီး တချိန်တည်းမှာပဲ NUG နဲ့ ဆက်ဆံရေးကို ဒီထက်ပိုကောင်းအောင် မြှင့်တင်သွားကြပါလို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော့်အနေနဲ့ နောက်ထပ်တိုက်တွန်းချင်တဲ့နိုင်ငံတွေကတော့ ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဆော်ဒီအာရေးဗျ နဲ့ သိရိလင်္ကာ တို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုနေတဲ့ မိမိတို့ရဲ့ မူဝါဒလမ်းစဥ်တွေကို ပြန်လည်သုံးသပ်ပြီး ဒီလမ်းစဥ်အတိုင်း ရှေ့ဆက်မသွားကြဖို့ကို ကျွန်တော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံအချို့မှာ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေ (စိုးရိမ်ပူပန်မှုတွေ) ကြောင့် စစ်အုပ်စုနဲ့ ဆက်လက်ဆက်သွယ် ပြောဆိုနေကြရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

ဘင်္လားဒေ့ရှ်အပါအဝင် စစ်ကောင်စီနဲ့ မဖြစ်မနေ ထိတွေ့ ဆက်ဆံနေကြရတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီကို တရားဝင်ကြောင်း အသိအမှတ်ပြုတဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘဲ မလွှဲမရှောင်သာတဲ့ အခြေအနေကြောင့် ဆက်လက်ထားရှိရတဲ့ ဆက်သွယ်ဆက်ဆံ‌ရေးမျိုးပဲ ဖြစ်သင့်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ စစ်ကောင်စီနဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲ ဆက်သွယ်ပြောဆိုရသည် ဖြစ်ပါစေ … သူတို့ကို မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ မှန်ကန်ဖြောင့်မတ်တဲ့ တရားဝင်အစိုးရ တစ်ရပ်အနေနဲ့ ဘယ်သောအခါမှ …ဘယ်သောအခါမှ မသတ်မှတ်သင့်ဘူး ဆိုတာပါပဲ။

ဒါ့အပြင် မြန်မာ့အရေးအခင်းနဲ့ ပတ်သက်ပြီး အဖြေရှာတဲ့ ဘယ်စေ့စပ်ဆွေးနွေးမှုမျိုးမှာမဆို NUG နဲ့ အခြားသော ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေကို ထည့်သွင်း ဖိတ်ခေါ်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တိုက်တွန်းချင်တာက‌တော့ ကုလရဲ့ ညီလာခံတွေမှာ တက်ရောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားတဲ့အခါ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ထည့်သွင်းဖိတ်ကြားခြင်း မပြုမိဖို့အတွက် အသေအချာကို ဂရုစိုက် ပြင်ဆင်ထားရှိသင့်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ကုလသမဂ္ဂရဲ့ အစည်းအဝေးပွဲတွေကို မဖိတ်ကြားဖို့ ကုလရန်ပုံငွေ၊ အေဂျင်စီတွေ၊ ပရိုဂရမ်တွေနဲ့ ဆက်နွယ်သူအားလုံးကို ကုလသမဂ္ဂဥပဒေရေးရာရုံးအနေနဲ့ တာဝန်ယူ ညွှန်ကြားထားဖို့ တိုက်တွန်းပါတယ်။

ဆက်လက်ပြီး International IDEA လိုမျိုး ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ပံ့ပိုးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက စီစဥ်ထားတဲ့ ၂၀၂၃ အတုအယောင် ရွေးကောက်ပွဲကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်ကြဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်ပြောခဲ့တာတွေကို နိဂုံးပြန်ချုပ်ရမယ်ဆိုရင်…..

ဒီနှစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အင်မတန် အ‌ရေးကြီးတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှု ဖြစ်ခဲ့တာ ဒုတိယ နှစ်ပတ်လည် ပြည့်ပြီး ဖြစ်ပါတယ်။

ဒါဟာ မြန်မာပြည်သူလူထု ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတာ နှစ်နှစ် ပြည့်ချိန်လည်း ဖြစ်ပါတယ်။

အလားတူပဲ… နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖေးမဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ ကျရှုံးခြင်း နှစ်နှစ် ပြည့်ဆိုရင်လည်း မမှားပါဘူး။

ဒီတော့ နောက်ထပ်လာမယ့်နှစ်တွေမှာ…..အနာဂတ်အချိန်တွေအတွက် ကြိုတင် စဥ်းစားကြည့်မယ်ဆိုရင်

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလမှာ ရခဲ့တဲ့ သင်ခန်းစာတွေကနေ (နောက်ထပ်မမှားအောင်) သင်ယူကြပါစို့။

မြန်မာပြည်သူတွေကို တတ်နိုင်သမျှ ဖေးမရင်း သူတို့ရဲ့ အကျပ်အတည်းကို ကူညီဖြေရှင်းပေးကြပါစို့။

လာမယ့်နှစ်မှာတော့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအောက်မှာ ရောက်ရှိနေမယ့် မြန်မာပြည်သူလူထုရဲ့ပုံရိပ်တွေကို သေချာပေါက် မြင်တွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

(ယခုဆောင်းပါး၏ ပထမအပိုင်း နှင့် ဒုတိယအပိုင်းများကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။

https://facebook.com/story.php?story_fbid=1752955555141783&id=385165108587508&mibextid=qC1gEa (ပထမ အပိုင်း)

https://facebook.com/story.php?story_fbid=1753593438411328&id=385165108587508&mibextid=qC1gEa (ဒုတိယ အပိုင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article