တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက သိမ်းပိုက် မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးမှုရှိပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDF တပ်များက သိမ်းပိုက် မီးရှို့ရှင်းလင်းလိုက်ပြီး ရဲများ သေဆုံးမှုရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပိုင်းရှိ ဘုက္ကန်ရွာတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ၁ နာရီ ၃၀ မိနစ် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဖွဲ့က ဘုက္ကန်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဘုက္ကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်တပ်က Mi 35 ရဟတ် ယာဥ် ၂ စီးဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
“တမူးမြို့နယ် ဘုတ်ကန်ရွာကို ဒေသ PDF တပ်ဖွဲ့တွေက နံနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက် လိုက်တယ်လို့သိရပါတယ်။ ဘုတ်ကန်ရွာက အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ဟရွာကြီးပါ စစ်ခွေးရဲစခန်းကို ဝင်တိုက်တာ ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ Mi – 35 ၂ စီးနဲ့ လာပစ်တယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။