24 C
Yangon

ယူကရိန်းမှသည် အာဏာရှင်များ၏ မဟာမိတ်ကွင်းဆက်ကို ဖြတ်တောက်ရေး

Must read

By Andrey Palau

လွန်ခဲ့သည်သီတင်းပတ်က ကြေကွဲစရာများကိုတွေ့ခဲ့ကြရသည်။ ရက်စက်သည့် အာဏာရှင်နိုင်ငံတခုက ငြိမ်းချမ်းသည့် တိုင်းပြည်တခုကို ဗြောင်ကျကျ ကျူးကျော်ခဲ့သည်။

ဝါဒဖြန့်ယန္တယား၊ နိုင်ငံရေးစွက်ဖက်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် လုံခြံရေးအတွက်ကျူးကျော်ရပါသည်ဆိုသော ဇာတ်ကြောင်းကို မည်သို့ပင် ရေကုန်ရေခန်း တည်ဆောက်ကြပါစေ၊နောက်ခံအကြောင်းတရားမှာ အတော်ရှင်းလင်းပါသည်။

ယဉ်ကျေးမှုချင်းတူညီသော အိမ်နီးချင်းနိုင်ငံတခုသည် ကိုယ့်နယ်နမိတ်အတွင်း ဒီမိုကရေစီတန်ဖိုး၊ ပွင့်လင်းမြင်သာမှု၊ အခြေခံအခွင့်အရေးနှင့် လွတ်လပ်မှုတို့ဖြင့် အရှိန်ပြင်းပြင်း ရှေ့သို့တိုးသွားနေသည်။ ထိုအရာတို့မှာ နေတိုးမဟာမိတ်အဖွဲ့ ချဲ့ထွင်မှုကြောင့် ဖြစ်လာနိုင်သော ဝိုင်းပတ်ခံရမှုထက်ပိုကြီးသည့် ခြိမ်းခြောက်မှုဖြစ်ပါသည်။

လစ်ဘရယ်တန်ဖိုးများ၊ လူသားဝါဒစံနှုန်းများက ရုရှား၏ အိမ်နီးချင်း ယူကရိန်းနိုင်ငံတွင် ကျယ်ပြန့်လျက်ရှိပါသည်။ ရုရှားကတော့ သဘောထားကွဲလွဲဆန့်ကျင်သူများကို ဖိနှိပ်သော၊ အနိင်ကျင့်သော၊ ခရိုနီစနစ်ကြီးစိုးသောနိုင်ငံမျှသာဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံ၏ အခြေအနေများက ရုရှားပြည်အတွင်း လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေး၊ ဒီမိုကရေစီတောင်းဆိုမှုများ တိုးလာစေနိုင်ပြီး ပူတင်အစိုးရကို ပွန်းပဲ့တိုက်စားလာနိုင်သော အစစ်အမှန်ဘေးရန်ကို ဖန်တီးပါသည်။

ယခုစစ်သည် လွဲမှားချွတ်ချော် စစ်သွေးဆာသော လုပ်ရပ်ဟုထင်ရသော်လည်း အမှန်တကယ်တွင် အာဏာ ရှင် အစိုးရများကို ဖြေးဖြေးချင်း သေစေသည့် စိတ်ကူးအိုင်ဒီယာများ ပြန့်နှံ့လာမည်ကို အသည်းအသန်ဖိနှိပ်ရန်ကြိုးစားခြင်း ဟူ၍လည်းနားလည်လို့ ရပါသည်။

မလွှဲရှောင်သာသည့် အာဏာရှင်ကျဆုံးခန်းကို လူမဆန်စွာလမ်းကြောင်းပြောင်း နှောင့်နှေးရန်ကြိုးစားသည့် မျက်မှောက်ဖြစ်ရပ်အနေနှင့် ရုရှား၏ ကျူးကျော်မှုကို မြင်နိုင်ပါသည်။ ရုရှား၏ ဂျော်ဂျီယာသို့ကျူးကျော်မှု၊ အာဏာရှင်များဖြစ်သော လူကာရှန်ကို၊ အာဆတ်၊ ရှီ၊ မင်းအောင်လှိုင်တို့နှင့်မိတ်ဖွဲ့ခြင်းတို့သည့် မကြာခင်ကာလမှ ဥပမာများဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်၂၀ အတွင်း အာဏာရှင်အစိုးရတို့သည် ဒီမိုကရက်ကမ္ဘာကို ပို၍ စိန်ခေါ်လာခဲ့ကြပါသည်။အာဏာရှင်ဆန်သော နိုင်ငံအများအပြားတွင် ဖိနှိပ်မှုပိုများလာခဲ့ကြပါသည်။ စစ်အာဏာသိမ်းမှုများကိုလည်း ပိုတွေ့လာကြရပါသည်။ အကြောင်းတခုမှာ ဒီမိုကရေစီမဟာမိတ်များကြား မညီညွတ်ကြပဲ အာဏာရှင်အချင်းချင်းတွင်တော့ ပို၍ချိတ်ဆက် လက်တွဲလာကြ၍ဖြစ်ပါသည်။

ယူကရိန်းဘက်မှ အားလုံးက ရပ်တည်ကြရပါမည်။ သို့သော်လည်း စစ်ရေးအကူအညီ၊ လူသားဆန်မှု အကူအညီ၊ဒုက္ခသည် လက်ခံကာကွယ်ပေးမှု၊ ပူတင်ကိုနိုင်ငံရေး စီးပွါးရေး ပိတ်ဆို့ အထီးကျန်စေခြင်းတို့လောက်ဖြင့်သာ မရပ်သင့်ပါ။ အာဏာရှင်အစိုးရများကို နိုင်ငံရေး၊ စီးပွါးရေး၊ အယူဝါဒရေးရာများတွင်ပါ အင်အားယုတ်လျော့အောင် လုပ်ကြရပါမည်။

အာဏာရှင်ဝါဒများအပေါ် ဖိနှိပ်ထားရေးကို အကြပ်အတည်းတွေ့မှသာ ထလုပ်ကြခြင်းမျိုး မဖြစ်သင့်ပါ။အာဏာရှင်ဆန့်ကျင်ရေးသည် လွတ်လပ်သည့် ကမ္ဘာ၏ အခြေခံအုတ်မြစ် ဖြစ်သင့်ပါသည်။ ဒီမိုကရေစီကိုကာကွယ်ခြင်း၊ စျေးကွက်အင်အားစုများအား ကြွယ်ဝမှုဖန်တီးစေခြင်းတို့လောက်ဖြင့် မရတော့ပါ။

ထိုအတွေးမှပြောင်းရန်လိုပါသည်။ အာဏာရှင်အစိုးရများကို အထီးကျန်အောင် လုပ်ရပါမည်။ အာဏာရှင်လမ်းသို့ပြောင်းလျင်အာဏာရှင်တို့ကို ထိခိုက်ခံစားစေရည်။ သဘာဝ သယံဇာတများ ထုတ်ယူ၍ ပါဝါကြီးလာအောင် လုပ်တတ်ကြသည့် လမ်းကြောင်းကို ပိတ်ဆို့ကာ အာဏာရှင်တို့ကို နာကျင်စေရပါမည်။

အာဏာရှင်တို့၏ ဝါဒဖြန့်ယန္တယားကို ဖြိုခွဲနိုင်သောစွမ်းရည် အနောက်နိုင်ငံတို့တွင်ရှိပါသည်။ ( ရုရှားတို့တည်ဆောက်နေသော ဇာတ်ကြောင်းကို ဖြိုချရန် ထောက်လှမ်းရေး သတင်းများဖွင့်ချသည့် အမေရိကန်၏နည်းလမ်းသည် ခြေလှမ်းကောင်းဖြစ်ပါသည်)။

ပြည်တွင်း ပြည်ပ အာဏာရှင်တို့၏ ဇာတ်ကြောင်းမှားများကို တန်ပြန်ရန် ပြည်သူ့လူ့အဖွဲ့အစည်းများကို နိုင်ငံများက စဉ်ဆက်မပြတ် ပံ့ပိုးမှုလိုအပ်ပါသည်။ အာဏာရှင်တို့၏ သယံဇာတနှင့် ကုန်ထုတ်လုပ်မှုမှ မှငွေရှာသည့် လမ်းကြောင်း အဆုံးသတ်ရန် ပြတ်ပြတ်သားသားပင် စီးပွါးရေး အရလမ်းခွဲကြရပါမည်။ လွတ်လပ်သည့်ကမ္ဘာသည် မိမိတို့၏ စစ်ရေးနှင့် နည်းပညာအားသာမှုကို မတွန့်မဆုတ်ပြကြရပါမည်။

ထို့ကြောင့် ယူကရိန်းကိုထောက်ခံပံ့ပိုး၍ စစ်အတွက်တာဝန်ရှိသော အာဏာရှင်အစိုးရ လည်ပတ်နေသည့် သံသရာပြတ်အောင် လုပ်ကြရပါမည်။ ထို့အပြင်အာဏာရှင် အစိုးရများ၏ အချိတ်အဆက် မဟာမိတ်ကွင်း ဆက်ကိုလည်းဖြတ်ရပါမည်။ စုမိသည့်အခါ အာဏာရှင် မဟာမိတ်များသည် အားကြီးသည်ဟု ထင်မြင်၍ လွတ်လပ်သည့်ကမ္ဘာကို စိန်ခေါ်လေ့ရှိသောကြောင့်ဖြစ်ပါသည်။

လက်ရှိဘေးဒုက္ခအကျပ်အတည်းကြောင့် လွတ်လပ်သည့် ကမ္ဘာတလွှားညီညွတ်သည့် အခိုက်အတန့်ကို ရနေပါသည်။ ထိုညီညွတ်မှုကို အရင်းတည်ကြရပါမည်။ ထိုအရှိန်ကို ဆက်ထိန်းကြရပါမည်။ ယူကရိန်းကို ထောက်ခံခြင်းဖြင့် မည်သည့်အာဏာရှင်အစိုးရမှ ရန်လိုကျူးကျော်နိုင်စွမ်း နောက်ထပ်မရှိအောင်လုပ်ကြရပါမည်။လွတ်လပ်သည့် လူ့အဖွဲ့အစည်းများဖွံ့ဖြိုးလာအောင် နည်းလမ်းစုံဖြင့် ကာကွယ်ရင်းနှီးမြှပ်နှံကြရပါမည်။

(Andrey Palau သည် ဥရောပမှ လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article