ကောလင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်သားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ CDM ဝင်၊ ကောလင်းရဲစခန်းအတွင်းမှ ရဲ ၂ ဦး လက်နက်နှင့် အတူ ထွက်ပြေး
ရန်ကုန်၊ ဧပြီ ၂၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အ.ထ.က ကျောင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်ကောင်စီ တပ်သားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ဧပြီလ ၁၇ ရက်နေ့ တွင် ထွက်ပြေးလာပြီး CDM အဖြစ် အလင်းဝင်လာကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းများအတွင်း ကောလင်းမြို့ အထက ကျောင်းဝင်းအတွင်းမှ စစ်သား ၄ ဦး ထက်မနည်းမှာလည်း ထွက်ပြေးသွားသည်ဟု သတင်းကြားသိရကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။
အလားတူ ကောလင်းရဲစခန်းမှ ရဲ ၂ ဦးမှာလည်း လက်နက်နှင့်အတူ ဧပြီလ ၂၀ ရက်နေ့တွင် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။
“စစ်သားလင်မယားနှစ်ယောက်တော့ အလင်းဝင်လာပြီ။ NUG အစိုးရဆီ အလင်း ဝင်လာတာပါဗျ။ ကောလင်းရဲစခန်းမှ ရဲ ၂ ဦး ကိစ္စတော့ ထွက်ပြေး သွားတယ်လို့ပဲ နောက်ဆုံးသိရပါတယ်ဗျ။” ဟု Kawlin Revolution-KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် လက်နက်အတူ ထွက်ပြေးသွားသည့် ရဲ ၂ ဦး၏ နောက်ဆက် တွဲသတင်းမသိရရှိသေးကြောင်း၊ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ဇနီးဖြစ်သူတို့မှာမူ လက်နက် မပါရှိကြောင်း Kawlin Revolution – KR မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်သည်။)
Photo- Agency ။