မင်းတပ်နှင့် ဗန်းမော်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၂၄
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း CDF – မင်းတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၃ ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကျေးရွာပေါင်း ၃၀ ကျော်က ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။
” ပြည်သူတွေတော့ ထိခိုက်မှု မရှိပါဘူး။ စစ်ရှောင်ပြည်သူတွေ အရမ်း ဒုက္ခရောက်နေလို့ ကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ မြေပြင်မှာ စစ်ကြောင်း မရှိပေမယ့် လေယာဥ်တွေ ဗုံးတွေ ကြောက်ကြလို့ ရွာထဲမှာ မနေရဲတော့ဘူး။ ကျေးရွာ ၃၀ လောက်က ထောင်နှင့်ချီသော ပြည်သူတွေကတော့ တောထဲ ပြေးပုန်းလိုက် ရွာထဲပြန်လာလိုက်၊ လေယာဥ်သံ၊ ရဟတ်ယာဥ်သံကြားရရင် တောထဲတောင်ထဲ ပြေးရှောင်လိုက်နဲ့ သက်ကြီးရွယ်အို ၊ ကလေး၊ အမျိုးသမီးတွေ ပို စိတ်ပင်ပန်း၊ လူပင်ပန်းနေကြရတယ်” ဟု CDF – မင်းတပ်မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ နှင့် ၅ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၂ ကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများအနီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်မြို့ အခြေစိုက် ခလရ ၄၇ မှ အကြမ်းဖက် စစ်သားများက ရိုးကြီးရပ်ကွက် ဦးပိန်တံတားအနီးရှိ ပြည်သူပိုင်နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဗန်းမော်မြို့ထဲကို စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးကျတယ်။ ဒီနေ့ ၁၁ နာရီလောက်က ခလရ ၄၇ မှာ တပ်စွဲထားတဲ့ စစ်တပ်ခွေးတွေ ပစ်တာ ရိုးကြီးရပ်ကွက် ဦးပိန်တံတား နားကို ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။