မတ္တရာမြို့နယ်၊ စကျင်ကျောက်တောင်အနီး ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၅
မန္တလေး၊ မတ္တရာမြို့နယ်၊ စကျင်ကျောက်တောင် အနီး ပျူစောထီး အဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တောကြီး မြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် MEC နှင့် ပူးပေါင်းပြီး မတ္တရာမြို့နယ် စကျင်ကျောက် လုပ်ငန်းများ ဦးစီး လုပ်ကိုင်နေသည့် ပျူစောထီး အဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များ စကျင်ကျောက်တောင်အနီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပျူစောထီး ခေါင်းဆောင် စိုးရာဇာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” ဒီနေ့ နံနက် ပိုင်းက စကျင်ကျောက်တောင်အနီးမှာ ပျူစောထီးအဖွဲ့တွေနဲ့ တော်လှန်ရေး ရဲဘော်တွေ ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင် စိုးရာဇာ ပွဲချင်းပြီး သေဆုံးခဲ့တယ်” ဟု တောကြီး မြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောကြီး မြွေပွေးတပ်ဖွဲ့ နှင့် ပြည်သူ့ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ ၅ ၊ မန္တလေးတိုင်း အခြေစိုက် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။