ဘုတလင်၊ ညောင်ပင်ကန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ ဧပြီ ၂၈
ဘုတလင်မြို့နယ် တောင်ခြမ်း၊ ညောင်ပင်ကန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ညောင်ပင်ကန် ကျေးရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” တိုက်ပွဲက ပထမ မိုင်းဆွဲတာ စစ်ခွေးတွေဘက်ကတော့ အကျအဆုံး ၁၀ ဦး ထက်မနည်းကျဆုံးသွားတယ်။ ကိုယ့်ဘက်က သတင်းကြိုတင် ရယူနိုင်လို့ အခုလို စစ်ခွေးတွေဘက်က အကျဆုံးများရတာ။ လတ်တလောကတော့ ခွေးတွေ မှန်တော်ဦးကျေးရွာအနီးမှာရှိနေတယ်” ဟု ဒေသ ကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
ဘုတလင် မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား ၄၃ ဦးခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲကို ဘုတလင် မြို့နယ် ပကဖ တပ်များနှင့် ဒေသ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
