ပေါက်နှင့် ဆော မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၈
မကွေးတိုင်း၊ ပေါက်နှင့် ဆောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်လက်မှ ၄ ဦးသေဆုံးကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန မှ သိရသည်။
ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)ရှိ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေစဉ် ပြောက်ကျားစနစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင်း ပျူစောထီး ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈) – တပ်ခွဲ (၃) – နဂါးမျိုးအဖွဲ့၊ ပေါက် မြို့နယ် အခြေပြု ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ(၅) – တပ်စိတ် (၂၊ ၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပျူစောထီးအလောင်းများကို စစ်ကောင်စီဝင်များနှင့် ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ နှင့် ဝန်ခြုံးကျေးရွာများ မှ နယ်မြေခံ ပျူစောထီးများက ဧပြီလ ၂၄ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၅ မိနစ်အချိန်တွင် လာရောက်သယ်ဆောင်ခဲ့ကြပြီး သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ၏ စားနပ်ရိက္ခာများကို အကြမ်းဖက်ခိုးယူသယ်ဆောင်သွားကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ် ၃၆၈ မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၁၃၀ ဦးခန့်ကို ဧပြီလ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် ၁၃ နှင့် CDF မင်းတပ် တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီ ၆ မိနစ်အချိန်တွင်လည်း ကျောက်ထု အမြှောက်တပ် ၃၆၈ နှင့် ကျောက်ထုလေတပ်ကို Rocket များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ဂန့်ဂေါခရိုင် တပ်ရင်း အမှတ်(၈)က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Photo – ဧပြီလ ၁၄ ရက်နေ့က ဆောမြို့နယ်၊ ကျောက်ထု ဒေသရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများများ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်စဥ်