29 C
Yangon

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းအရှိန်နှင့် ရေဘေးကြောင့် ထိခိုက် ပျက်စီးမှုများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပအဖွဲ့များက အကူအညီပေးကြရန် NUG အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များက ပန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁၇ ရက်

မြန်မာနိုင်ငံအနှံ့ ရာဂီမုန်တိုင်းအရှိန်နှင့် ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက အကူအညီများ ပေးရန်တောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် KNU ၊ KNIPP ၊ CNF တို့က ပူးတွဲ ထုတ်ပြန်ကြေညာချက်ဖြင့် ပန်ကြားတောင်းဆိုလိုက်သည်။

ရေဘေးသင့်ပြည်သူများအတွက် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊လက်ရှိတွင် ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အနေနှင့် မြန်မာပြည်သူများကို ကူညီရာတွင် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း၊ နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး တို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်းများ လုပ်ဆောင်ပေးရန် NUG အစိုးရနှင့် တိုင်းရင်သား ၃ ဖွဲ့က တောင်းဆိုထားသည်။

ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊ အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်း များကိုပါ လုပ်ဆောင်ပေးရန် ၊ ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာမိကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင် ရှိကြောင်း၊ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း အဖွဲ့အစည်း အားလုံး ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူအကွ ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအနှံ မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှင့်ခြင်းကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ ၇ သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း NUGနှင့်တိုင်းရင်းသား ၃ ဖွဲ့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ကလောမြို့တွင် တောင်ကျချောင်းရေ တိုက်စားပြီးနောက် အပျက် အစီး မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကလောမြို့တွင် တောင်ကျချောင်းရေ တိုက်စားပြီးနောက် အပျက် အစီး မြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article