34 C
Yangon

မအူပင်ကျေးရွာတွင်  ပြည်သူ ၄ ဦးကို စစ်တပ်က နှိပ်စက် သတ်ဖြတ်၊ ရွာထဲရှိ ကျန်ရှိ ပြည်သူများနှင့် အခြေအနေ အသေးစိတ် မသိရှိရသေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အင်အား ၈၀ ခန့်က ဇန်နဝါရီလ ၁၆ ရက်နေ့ ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူ ၄ ဦးကို မတရားနှိပ်စက်ကာ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူများမှာ ကိုကျော်ဇင်ဝေ အသက် (၂၅)နှစ်၊ ကိုသန့်ဇင် အသက် (၃၀) နှစ်၊  ကိုကျော်မြင့်ဆွေ အသက် (၃၉)နှစ်နှင့် ကိုစိုးမြင့် အသက် (၄၄)နှစ်တို့ ဖြစ်ကြသည်။ 

ကိုမြင့်ဆွေနှင့် ကိုစိုးမြင့်တို့ နှစ်ဦးမှာ ညီအစ်ကိုရင်းများ ဖြစ်ကြပြီး ကိုကျော်ဇင်ဝေမှာ ကိုယ်ဝန်ဆောင် ဇနီးသည် ဖြစ်သူ ကျန်ရှိခဲ့ကြောင်း ဒေသခံများက ပြော ဆိုသည်။ 

မအူပင်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ ၁၀ ဦးဝန်းကျင်သာ ရှိသော်လည်း ကျန်သူများမှာ ကူတိုးစိတ်နှင့် မြင်းစီးရွာမှာ ပျူစောထီးခေါင်းဆောင် ဌေးအောင် ဦးဆောင်သည့် ပျူစောထီးများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောကြားသည်။ 

“ကိုကျော်ဇင်ဝေက မနေ့ကတည်းက သေတာ ကျန်တဲ့ လူ ၃ ယောက်က ဒီမနက်မှ အသတ်ခံရတာပါ။ ပထမ မိတယ်ကြားတာ။ ပြီးတော့ နှိပ်စက်ပြီး သတ်ပစ်ကြပုံရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ 

လက်ရှိတွင် မအူပင်ကျေးရွာတွင် အသက် ၅၀ ကျော်အရွယ် လူကြီးများနှင့် ကျန်းမာရေးမကောင်း လေဖြန်းထားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ကျန်ရှိနေပြီး အဆက်အသွယ်မရရှိတော့ကြောင်း ထွက်ပြေးပုန်းရှောင်နေသည့် ရွာသားများက ပြောဆိုသည်။ 

“တော်တော်များများက ပြေးကြတာ။ မပြေးဘဲ ကျန်ခဲ့တဲ့ လူတွေ အခုပုန်းနေရတယ်။ မိတဲ့ လူ‌ ရိုက်နှက်နေတယ် ပြောတယ်။ ရွာက အရှေ့ရွာ အနောက်ရွာရှိတာ ။ အရှေ့ရွာကို မီးရှို့တာ မနေ့ကတည်းက ။ မီးရှို့တဲ့ အရေအတွက်တော့ အတိအကျ မသိရသေးဘူး ။ မအူပင်အရှေ့ရွာထဲ သူတို့ တပ်ဆွဲထားတာ” ဟု ဒေသခံတစ်ဦးက လတ်တလော အခြေအနေကို ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article