29 C
Yangon

ဟုမ္မလင်း PDF က စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဖလမ်းနှင့်မြို့လှတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း PDF က စစ်ကောင်စီတပ်များကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးသွားကြောင်း ဟုမ္မလင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင် ဟုမ္မလင်းမြို့နယ်၊ နမ်ပတ်ကားကျေးရွာ အနီး၌ စစ်ကောင်စီ စစ်ကြောင်းကို ဟုမ္မလင်း PDF က မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ယနေ့မှစ၍ စစ်အာ ဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်ဝေးဝေး နေထိုင်ကြရန် အသိပေးချက် ထုတ်ပြန်သည်။ 

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း – ကလေး ကားလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CNDF တို့အ​ကြား နေ့စဉ်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊  ဇန်နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိမိတို့ CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့ အ‌ခြေစိုက် ခလ၇ ၂၆၈ မှ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ကူခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း CNDF က သတင်းထုတ်ပြန်သည်။ 

အလားတူ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ အကြမ်း ဖက်  စစ်ကောင်စီများအား မိမိတို့ CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း CNDF သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဌာနက သတင်းထုတ်ပြန်သည်။ 

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မြို့လှမြို့ နယ်မြေအတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း သေဆုံးကြောင်း မြို့လှPDFက ဇန်နဝါရီ ၁၈ရက်နေ့ တွင် တရားဝင်ထုတ်ပြန်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် စစ်ရေးပြ အခမ်းအနား။ Photo Credit – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article