25 C
Yangon

အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ အစစအရာရာ ထိန်းချုပ်ခြင်း ခံနေရမှုကြောင့် မိအေး အခါခါ နာနေရသည့် နယ်စပ်ကုန်သွယ်ရေး

Must read

By ရန်ကုန်ခေတ်သစ်

နယ်စပ်ကုန်သွယ်ကဏ္ဍတွင် တရုတ်ကသာ နှစ်ပေါင်းများစွာ ကြီးစီုးအသာစီးယူထားသည်။ မြန်မာတွင် Covid-19 စတင်ဖြစ်‌ပွားပြီးနောက်ပိုင်း  တရုတ်သည် နယ်စပ်ကုန်သွယ်ရေးကို ရက်အကန့်အသတ်မရှိ ပိတ်ချလိုက်ပြီး၊ စစ်အုပ်စု အာဏာသိမ်းယူပြီးနောက်ပိုင်းတွင်မူ ယခင်ကထက် ပို၍ ဆိုးရွားသော အနိုင်ယူမှုမျိုးဖြင့် ထိန်းချုပ်လာခဲ့သည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ကုန်သွယ်ရေးသည် ဈေးကွက်အသစ်ရှာဖွေဖို့ နေသာသာ ရှိနေပြီးသား ဈေးကွက်ပင် တင်ပို့၍မရတော့သည့် အခြေအနေဖြစ်ရာ တရုတ်ကိုသာ လုံးဝ မှီခိုလာရတော့မည့် အနေအထား ‌ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအများစုမှာ တရုတ်ကိုသာ အဓိက တင်ပို့နေရသည့် အခြေအနေမျိုး ဖြစ်နေသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တွင် တရုတ်နှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံကျော် ရှိပြီး၊ ထိုင်းနိုင်ငံနှင့် ၅.၂၆၈ ဘီလီယံ၊ စင်ကာပူနိုင်ငံနှင့် ဒေါ်လာ ၂.၈၁ ဘီလီယံ၊

အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ (၁.၄၅)ဘီလီယံ ၊ ဂျပန်နိုင်ငံနှင့် ဒေါ်လာ ၁.၂၉၆ ဘီလီယံကျော်၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဒေါ်လာ ၁.၂၈၉ ဘီလီယံ တင်ပို့ထားခဲ့သည် ဟု ထုတ်ပြန်ချက်များက ဆိုသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော် ရှိသဖြင့် ကုန်သွယ်မှု သုံးပုံ တစ်ပုံကို တရုတ်နိုင်ငံနှင့် ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက် အထီးကျန်ဆန်သော နိုင်ငံတခုအသွင်သို့ ပြန်လည်ရောက်ရှိလာနေချိန်တွင် စစ်အုပ်စုအနေနှင့် တရုတ်ကို ပိုမှီခိုလာရခြင်းနှင့်အတူ  တရုတ်သည် ဈေးကွက်ကို ပိုမိုထိန်းချုပ်နိုင်မည့် အစီအစဉ်များကို စနစ်တကျ ချမှတ်လာခဲ့သည်။

မြန်မာနယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သွယ်မှု အများဆုံးဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးကို ယခင်က ဒေသဆိုင်ရာအစိုးရကသာ စီမံခန့်ခွဲခဲ့သော်လည်း မြန်မာတွင် အာဏာသိမ်းမှု ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင်မူ တရုတ်ဗဟိုအစိုးရက ပိုမိုထိန်းချုပ်လာကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တို့က ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစနစ် (Border Trade) ကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် ပုံမှန်ကုန်သွယ်ရေးစနစ် (Normal Trade) သို့ ပြောင်းလဲခဲ့သည်။

၂၀၂၁ ခုနှစ် ကာလတလျှောက် ရက်အကန့်အသတ်မရှိ ပိက်ပင်ထားခဲ့သော နယ်စပ်ကုန်သွယ်ရေးကို တရုတ်ဘက်ကသာ ကုန်စည်ပို့ဆောင်မည့်အစီအစဉ်နှင့် စတင်ရန် ပြင်ဆင်ခဲ့သော်လည်း မြန်မာလုပ်ငန်းရှင်တို့ ကန့်ကွက်သဖြင့် အပြန်အလှန် ပို့ဆောင်ရန် စီစဉ်ခဲ့သည်။

သို့သော်လည်း Covid-19 အကြောင်းပြကာ သယ်ယူပို့ဆောင်ရေးစနစ်ကို ကန့်သတ်ခဲ့သလို နေ့စဉ် တင်သွင်းမှုရာတွင် Covid-19 စစ်ဆေးမှုတို့ ပြုလုပ်ပြီးမှသာ တရုတ်ပြည်သို့ တင်သွင်းခွင့် ပြုခဲ့သည်။

သို့ရာတွင် နေ့စဉ် ကားအစီးရေ အနည်းငယ်မျှသာ ဝင်ထွက်သွားလာခွင့် ပြုခဲ့ရာ မြန်မာဘက်ခြမ်းမှ နေ့စဉ် ကုန်တင်ယာဉ် စီးရေ (၅၀၀)ကျော် သွားလာနေရသည့် မူဆယ်လမ်းကြောင်းကို ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် မြန်မာနယ်စပ်ဘက်အခြမ်းတွင် ကုန်တင်ယာဉ် ရာပေါင်းများစွာ ပိတ်မိနေပြီး သီးနှံ၊ စိုက်ပျိုးရေးထွက်ကုန် အများအပြားမှာ အချိန်မှီတင်ပို့နိုင်ခြင်း မရှိသဖြင့် ပျက်ဆီးဆုံးရှုံးမှု ပိုတိုးပွားလာနေသည်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကြပ်တည်းရုံသာမက ပို့ဆောင်ရေးကဏ္ဍအပေါ် အပိုကုန်ကျငွေ ပိုများပြားလာနေပြီး ဖရဲသီးကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ပါက သယ်ယူပို့ဆောင်ရေးစရိတ်မှာ ပျမ်းမျ ကျပ်သိန်း ၁၂၀ အထိ ကုန်ကျနေရကြောင်း ဖရဲကုန်သည်တစ်ဦးက ဆိုထားသည်။

ဖရဲကုန်သည်တစ်ဦး၏ အဆိုအရ ဖရဲစိုက်ပျိုးသည့်နေရာမှ မူဆယ်အထိ ဖရဲသီးတင်ကားခမှာ သိန်း ၂၀ ကျပ် ကျသင့်ပြီး ဂျပ်ဖာဖိုး သိန်း ၂၀ ကျပ်၊ ပို့ကုန်ဂျူတီကြေး ၁ သိန်းကျပ်၊ မူဆယ်(၁၀၅)မိုင်မှ တရုတ်နယ်စပ်မျဉ်း A ဇုန်အထိ စရိက် ၅ သိန်းကျပ် အပါအဝင် တရုတ်ဖက်ခြမ်းသို့ တင်ပို့ရန် ကုန်ကျစရိတ်မှာ သိန်း ၇၀ ကျပ် ထိ ရှိနေကာ စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်း ၁၂၀ ဝန်းကျင် ရှိနေသည်။

ထို့အပြင် ဖရဲတင်ပို့ပါက ယာဉ်ကြော ကြပ်တည်းမှုကြောင့် သယ်ယူ‌ပို့ဆောင်ရေးတွင် တင်ပို့သည့်နေရာမှ တရုတ်နိုင်ငံ ကုန်စည်ဒိုင်အထိ ရက်ပေါင်း ၁၅ ရက်ကျော် ကြာမြင့်တတ်ရာ၊ သီးနှံများ ပျက်ဆီးဆုံးရှုံးမှု ပိုများသည့်အပြင် ဈေးနှုန်းအရပါ အနှိမ့်ခံနေရကြောင်း ကုန်သည်တို့က ဆိုသည်။

ယခင်က ဖရဲကဲ့သို့ စိုက်ပျိုးရေးသီးနှံများကို တရုတ်ကုန်သည်များက မြန်မာဘက်ခြမ်းတွင် လာရောက်ဝယ်ယူလေ့ရှိသော်လည်း ယခုအခါ တရုတ်နိုင်ငံအတွင်းထိ ဝင်ရောက်ပို့ဆောင်ရပြီး မဝယ်ယူသည့် သီးနှံကုန်စည်များကိုလည်း ပြန်သယ်ယူခွင့် မပေးသလို အမှိုက်စွန့်ပစ်ရန်အတွက်လည်း အပိုကုန်ကျစရိတ်များ ထပ်မံတောင်းဆိုမှုများ ရှိသည် ဟု ကုန်သည်တို့က ဆိုသည်။

အခြားတဖက်တွင်လည်း တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သွားသည့် မြန်မာပိုင် ကုန်တင်ယာဉ်များကို အချိန်မှီ ပြန်လည် ထုတ်ပေးခြင်းမရှိသဖြင့် ကုန်တင်ယာဉ် ရာချီ ပိတ်မိနေသဖြင့် ယာဉ်န

ှင့် ယာဥ်မောင်းများပါ စောင့်ဆိုင်းရသည့်အတွက် အပိုကုန်ကျစရိတ် မြင့်တက်လာနေသည်။

တရုတ်အစိုးရသည် နယ်စပ်လုံခြုံရေးအကြောင်းပြကာ နယ်စပ်ဒေသတလျှောက်တွင် ခြံစည်းရိုးခတ်သည့်အပြင် ယခင် ‌မှောင်ခိုလမ်းကြောင်းများကို ပိတ်ပစ်ခဲ့ပြီး Normal Trade ဖြစ်လာသည့်အတွက် အခွန်ကောက်ခံမှု တိုးမြင့်လာခြင်းက မြန်မာကုန်သည်များအတွက် ကုန်ကျစရိတ် ပို၍ တိုးလာစေသည်။

ထို့အပြင် ရှေးနှစ်ပေါင်းများစွာ တရုတ် ကျယ်ခေါင်ဘက်ခြမ်းတွင် လုပ်ကိုင်နေကြသည့် မြန်မာလူမျိုး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖယ်ရှားခဲ့ကာ တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးပြုလုပ်လိုပါက တရုတ်နိုင်ငံသားများနှင့် ပူးပေါင်းလုပ်ကိုင်မှသာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

Covid-19 အကြောင်းပြကာ တရုတ်ပြည်တွင် ဝင်ရောက်နေကြသည့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကိုလည်း နှင်ထုတ်ခဲ့ပြီး ကန့်သတ်ထိန်းချုပ်မှုတို့ ပြုလုပ်ခဲ့သည်။ မြန်မာထုတ်ကုန်နှင့် စိုက်ပျိုးရေးသီးနှံများကို ပိတ်ပင်ကန့်သတ်မှုတို့ ပြုလုပ်ခဲ့သော်လည်း တရုတ်ထုတ် ကုန်စည်များကိုမူ လွယ်လင့်တကူ တင်သွင်းခွင့် ပြုနေသည့်အပြင် မြန်မာနိုင်ငံဘက်ခြမ်းမှ တူးဖော်ရရှိသော ရှားပါးသတ္တုများကိုလည်း  လွယ်လင့်တကူ အကန့်အသတ်မရှိ လက်ခံနေခဲ့သည်။

ထို့အပြင် တရားမဝင်ငွေကြေးစီးဆင်းမှု နှင့် လောင်းကစားလုပ်ငန်းများကို အကြောင်းပြကာ တရုတ်ဘဏ်များတွင် အကောင့်ဖွင့်လှစ်ထားသော မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကိုလည်း မကြာခဏ ထိန်းချုပ်ပိတ်ပင်မှုများ ရှိနေသည်။

မြန်မာဈေးကွက်တွင် တွေ့ရသော တရုတ်နိုင်ငံမှ ထုတ်ကုန်အများစုသည် မြန်မာသို့ တင်ပို့ရန် အဓိကရည်ရွယ်ကာ ထုတ်လုပ်သည့် ကုန်စည်များဖြစ်သည်။ ဈေးနှုန်းတန်ဖိုးနည်းကာ အရည်အသွေးအားဖြင့်လည်း စံချိန်မမှီ ကုန်စည်များ ဖြစ်နေသော်လည်း မြန်မာဘက်ခြမ်းမှ ကုန်စည်အရည်အသွေး စစ်ဆေးမှုအပိုင်း အားနည်းခြင်း၊ တရားမဝင် မှောင်ခိုပစ္စည်းများကို မူဆယ်မြို့မှ မြန်မာပြည်တွင်း ဒေသအသီးသီးသို့ လွယ်လင့်တကူ တင်ပို့နိုင်ခြင်းတို့ကြောင့် မြန်မာစားသုံးသူတို့ များစွာနစ်နာနေရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် နေ့စဉ် ပုံမှန်ကုန်သွယ်ပါက အမေရိကန်ဒေါ်လာ ၅ သန်းအထက် ရှိသော်လည်း ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် ကုန်သွယ်မှု အများအပြား မပြုလုပ်နိုင်တော့ပဲ နစ်နာမှု များပြားခဲ့သည်။

မြန်မာဘက်ခြမ်းမှ ကုန်စည်များမှာ တင်ပို့ခွင့် မရသော်လည်း တရုတ်နိုင်ငံထုတ်ကုန်များမှာမှု Covid-19 ကာကွယ် ကုသ တားဆီးရေး ခေါင်းစဥ်ဖြင့် တစ်နှစ်ပတ်လုံး ဝင်ရောက်နေသည်။

တရားဝင် ကိန်းဂဏန်းများ ဖော်ပြထားခြင်း မရှိသော်လည်း အောက်စီဂျင်စက်ရုံပစ္စည်းများ၊ အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ တခါသုံး Mask များ၊ Covid-19 ကုသရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးအများအပြားကို မြန်မာဘက်ခြမ်းသို့ တင်သွင်းခဲ့သည်မှာ အမေရိကန်ဒေါ်လာ သန်းရာကျော်အထိ ရှိမည် ဟု ခန့်မှန်းရသည်။

လက်ရှိ တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရာတွင်လည်း နေ့စဉ် မြန်မာဘက်ခြမ်းမှ ကုန်တင်ယာဉ်စီးရေ ၃၀ နှင့် တရုတ်ဘက်မှ ကုန်တင်ယာဉ် စီးရေ ၃၀ ခန့်သာ ခွင့်ပြုပေးရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်တင်ယာဉ်များ ရာနှင့်ချီ စောင့်ဆိုင်းနေရသည် ဟု မူဆယ်အခြေစိုက်ကုန်သည်တို့က ဆိုသည်။

မြန်မာဘက်ခြမ်းမှ ကုန်စည်များတင်ပို့ရန် စောင့်ဆိုင်းနေမှု များပြားချိန်တွင် တရုတ်က Covid-19 ကူးစက်ခံရမည်ကို စီုးရိမ်ကာ နယ်စပ်ကုန်သွယ်ရေးကို ကန့်သတ်ထိန်းချုပ်မှု များပြားသဖြင့် ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်ခများ အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ရှိလာသည်။

ယခင်က မူဆယ်မှ ကျင့်စန်းကြော့ဂိက်အထိ ကုန်စည်ပို့ဆောင်ရန် ခေါက်တိုအတွက် ကျသင့်ငွေအပြီးအစီးမှာ ကုန်တင်ယာဉ်တစ်စီးလျှင် ငွေကျပ် ၇သိန်း၊ ၈ သိန်းခန့်သာ ရှိသော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကုန်တင်ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၁၀၀ ကျော် ကျသင့်လာသည်။

မြန်မာဘက်ခြမ်းက ယခင်ကဲ့သို့ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် အဆင်သင့်ဖြစ်နေသော်လည်း တရုတ်နိုင်ငံဘက်မှ တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး မညီမျှမှု ဖြစ်လာနေပြီး ရှေ့လျှောက်လည်း အားကောင်းလာဖွယ် မရှိဟု လုပ်ငန်းရှင်တို့က ဝန်ခံထားသည်။

ထိုကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်၏ ဩဇာနှင့် ဆောင်ရွက်မှု အပေါ်တွင်သာ လုံးလုံးမှီခိုလာရသည့် အနေအထားရှိနေသည်။

ယခင်က တရုတ်ကို တင်ပို့၍ မရလျှင် တခြားဈေးကွက်အသစ်များကို ချိက်ဆက်ထားနိုင်မှုကြောင့် တရုတ်ကို မှီခိုမှု လျော့ချထားနိုင်သော်လည်း အာဏာသိမ်းမှုနောက်ပိုင်း ဈေးကွက်အသစ်များ ပျက်ဆီးသွားခဲ့ရာ တရုတ်အပေါ် လုံးလုံးမှီခိုရသည့် အခြေ‌အနေကို ရောက်လာသည်။

ထိုအချက်ကို တရုတ်က သတိပြုမိပြီး ကုန်သွယ်ရေးအနိုင်ရလိုမှုကို တဖြေးဖြေး ပြုလုပ်လာသလို မြန်မာဘက်ကလည်း တရုတ်ကို ရောင်းရမှ ငွေရသည့် အခြေအနေကို ရောက်လာသည်။

ကုန်သွယ်ရေးနှင့် ဩဇာအသာရရှိမှုကို တရုတ်က ၂၀၂၁ ခုနှစ် တစ်နှစ်လုံး ဖန်တီးခဲ့ပြီးနောက်၊ ၂၀၂၂ ခုနှစ်တွင် တရုတ်ပေးသလောက်သာ ဆောင်ရွက်နိုင်တော့သည့် အခြေအနေနှင့်  မြန်မာရင်ဆိုင်နေရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာရန် မြန်မာဘက်ခြမ်းက မည်သို့မျှ မစွမ်းဆောင်နိုင်တော့ပဲ တရုတ်ဘက်က ဆောင်ရွက်ပေးမှသာ လုပ်ကိုင်နိုင်သည့် အခြေအနေမျိုးရောက်နေသည် ဟု လုပ်ငန်းရှင်တို့က ဝန်ခံထားသည်။

အထူးသဖြင့် မြန်မာထုတ်ကုန်အများစုမှာ အာဏာသိမ်းမှု ရလာဒ်အရ ဈေးကွက်အသစ် မရရှိတော့မှု၊ တားဆီးပိတ်ပင်ခံရမှုနှင့် အရည်အသွေးပိုင်းဆိုင်ရာ တို့အရ တရုတ်ဈေးကွက်ကိုသာ မှီခိုနေရသည်။

ထိုကြောင့် နေ့စဉ်ကုန်တင်ယာဉ် စီးရေ ၅၀၀ကျော် သွားလာနေသည့် မူဆယ် ကျင့်စန်းကြောလမ်းမှာ လက်ရှိတရက်ကို ကုန်တင်ယာဉ်စီးရေ ၃၀ ခန့်သာ ဝင်ရောက်နေပြီး၊ ၄င်းအခြေအနေသည် စိုက်ပျိုးရေး ဈေးကွက်အပေါ်မှာပါ ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာပြီ ဖြစ်သည်။

အဆိုပါအခြေအနေတို့အတွက် မြန်မာက ပြင်ဆင်ထားခြင်းမရှိသလို ပြောင်းလဲအောင် လုပ်ကိုင်စွမ်းဆောင်နိုင်သည့် အနေအထားမျိုးလည်း အာဏာသိမ်းစစ်ကောင်စီတွင် မရှိချေ။

ထိုကြောင့် ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာလည်း မြန်မာ့ထုတ်ကုန်များ ဈေးကွက်မရရှိမှု၊ မရောင်းချနိုင်မှုတို့ကြောင့် အရှုံးရလာဒ် ကြီးကြီးမားမား ကြုံတွေ့ရအုန်းမည်သာ ဖြစ်သည်။

တရုတ်နိုင်ငံအနေနှင့်မှု ဈေးကွက်ကို မိုနိုပိုလီ ပြုလုပ်နိုင်ခြင်း၊ ကန့်သတ်နိုင်မှုတို့ကြောင့် ကုန်စည်များကို ပို၍ ဈေးသက်သာစွာ ရရှိနိုင်ခြင်း၊ နိုင်ငံရေးဩဇာကြီးထွားလာခြင်းနှင့် တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုလာရသည့် အခြေအနေမျိုးကို ကြုံစေခြင်းစသည့် အကျိုးသက်ရောက်မှုတို့ ရှိနေပြီ ဖြစ်သည်။

အချုပ်အားဖြင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ တရုတ်အစိုးရ၏ လုပ်ဆောင်မှုအပေါ်တွင်သာ ၁၀၀ ရာခိုင်နှုန်း မှီခိုနေရပြီ ဖြစ်သလို၊

သူတို့ ပေးသလောက် ယူရမည့် အခြေအနေမျိုး ရောက်ရှိနေပြီး၊ ယခင်ကဲ့သို့ “မရရင် မရောင်းဘူး” ဆိုသည့် မာနမျိုးကို မြန်မာထုတ်ကုန်များက ပြသနိုင်ခြင်း မရှိတော့ချေ။

အာဏာသိမ်းမှုရလာဒ်အရ တရုတ်မှတပါး အခြားဈေးကွက်သစ်ကို ရှာဖွေနိုင်လောက်သည့် စွမ်းဆောင်ရည်လည်း စစ်ကောင်စီတွင် မရှိချေ။

ထိုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အခတ်ခဲဆုံးနှင့် တရုတ်ဩဇာအလွမ်းမိုးဆုံးကာလကို ရောက်ရှိနေပြီ ဟု ဆိုရမည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article