30 C
Yangon

မင်းအောင်လှိုင် ဗိုလ်ရှုခံ၍ အလေးပြုခံမည့် အစီအစဉ် ပေါက်ကြားပြီးနောက် လုံခြုံရေး အထူးတင်းကျပ်၊ လုံခြုံရေး အသေးစိတ်အစီအစဉ်များထွက်ပေါ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် အလေးပြုခံမည့် ဗိုလ်ရှုခံ အစီအစဉ်များ ယမန်နေ့က ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် တင်ပြပြီးနောက် သတင်းပေါက်ကြားသည်ဟုဆိုကာ လုံခြုံရေးများ အထူးတင်းကျပ်လျက်ရှိကြောင်း နေပြည်တော်အသိုင်းအဝိုင်း အတည်ပြုပြောဆိုသည်။ 

“စရဖ၊ ထောက်လှမ်းရေး ရဲနဲ့စစ်သားတွေ မိုင်းရှာတဲ့ကောင်တွေ တစ်နေကုန် ပတ်နေ၊ စစ်နေတတ်ပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် လုံခြုံရေးနဲ့ ဌာနအကြီးအကဲတွေကလွဲလို့ ကားတွေဆင်နေတဲ့ တပေါင်းကွင်းထဲဝင်ခွင့် မရှိတော့ပါဘူး။ ကားတွေကို အလှဆင်နေတာက  နေပြည်တော် ဥပါန္တသန္တိစေတီ ဘုရားရှေ့ လမ်းတစ်ဘက်ခြမ်းက ကွင်းထဲမှာပါ။ ကားကွင်းက စေတီနဲ့ လမ်းမကြီး ခြားပါတယ်”ဟု နေပြည်တော်အသိုင်းအဝိုင်းက ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် အလှပြကားများ၊ ဝန်ထမ်းများအားလုံး အစမ်းလေ့ကျင့် ချီတက်ရမည်ဖြစ်ပြီး လုံခြုံရေးအရလည်း ပွဲကျင်း ပမည့် နေရာကို ဂိတ် ၄ ဂိတ်သတ်မှတ်ထားကြောင်း သိရှိရသည်။ 

“ဖေဖော်ဝါရီ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့မှာ လမ်းပေါ်ထွက်ပြီး Rehearsal လုပ်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဝင်ခွင့်ရမယ့် လူတွေကိုပဲ Special Free Pass တွေ ထုတ်ပေးမှာဖြစ်ပြီး လုံခြုံရေးကတ်တွေရဲ့ နောက်ကျောမှာ  Map တွေ ထည့်ထားမယ်။ အဲဒီမှာ ဂိတ်လေး ခု ပြထားမယ်။  ဂိတ်တစ်ဂိတ်ကိုသာ အမှန်ခြစ် ခြစ်ပေးထားပြီး အဲဒီ Free Passကိုင်ခွင့်ရထားတဲ့ လူနဲ့ကားဟာ အဲဒီဝင်းထဲကို အဲဒီအမှန်ခြစ်ပြတဲ့ဂိတ်ကလွဲပြီး အခြားဂိတ်တွေက ဝင်ခွင့်မရှိဘူး။ အဲဒီလို လုံ ခြုံရေးက တင်းကျပ်ထားတာ” ဟု နေပြည်တော်သတင်းရပ်ကွက်က ပြော သည်။ 

လက်ရှိတွင် နေပြည်တော်ရှိ ဝန်ထမ်းများသာမက အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများပါ ဘယ်/ညာ လေ့ကျင့်ရေး စစ်ကြောင်းပုံစံချီတက်မှုများကို စစ်တပ်က သင်တန်းပေးလျက်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင် ကားအလှဆင်မှုအနေဖြင့် ပြည်နယ်/တိုင်း တစ်ခုလျှင် အလှပြကား ၆ စီး ထွက်ရမည်ဖြစ်ပြီး စစ်တပ်အင်ဂျင်နီယာတပ်ရင်းက ဒီဇိုင်းများ ချထားပေးကြောင်း သိရှိရသည်။ 

“ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ဗိုလ်ရှုသဘင်အတွက် ပြည်ထောင်စုအဆင့် အလှပြယာဉ် (၃) စီး၊ ပြည် နယ်နှင့်တိုင်း တစ်ခုစီတိုင်းက အလှပြယာဉ် ၃ စီးစီ စုစုပေါင်း ပြည်နယ်/တိုင်းတစ်ခုကို အလှပြယာဉ် ၆ စီး ပြင်ဆင်မွမ်းမံနေကြရပါတယ်။ ပြည်နယ်နှင့်တိုင်း တိုင်းရင်းသား ရေးရာဝန်ကြီးတွေက ကွင်းဆင်း စီမံပြီး အစိုးရအဖွဲ့နဲ့ ထွေ/အုပ်က ကူညီပံ့ပိုးနေပါတယ်။ ၂၂-ဘီး တွဲကား အသစ်တွေနဲ့ အသစ်နီးနီးတွေကို ကကယာ(စစ်အင်ဂျင်နီယာ)နဲ့ ကကပံ့(စစ်တပ်ထောက်/ပို့)က ထုတ်ပေးပါတယ်။ ကားပေါ်မှာ အလှဆင်ဖို့ လူတွေ အရုပ်တွေ တင်ဖို့အတွက် သံထည် Frame ဆင်ခြင်းအတွက် ခိုင်ခန့်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇိုင်းထုတ်ပေးပါတယ်” ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။ 

ကားအလှပြယာဉ်တစ်စီးလျှင် ငွေကျပ် သိန်း ၃၀၀ မှ သိန်း  ၅၀၀ အထိ ကုန်ကျရာ ပြည်နယ်/တိုင်းတစ်ခုလျှင်ငွေကျပ် ကား ၆ စီး အတွက် သိန်း ၃၀၀၀ နီးပါးကုန်ကျကြောင်း ၊ ပြည်ထောင်စုနေ့နှင့် ဗိုလ်ရှုခံအတွက် ဘတ်ဂျက် လျာထားမှု ငွေကျပ် သိန်း ၉ သောင်းဖြစ်သော်လည်း ဘတ်ဂျက် လိုသလောက် သုံးစွဲခွင့်ပြုထား၍ ငွေကျပ် ဘီလီယံချီ ကုန်ကျလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- အလှပြကားများ တည်ဆောက်နေသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article