ရန်ကုန်၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာ ၃ရွာကို လက်နက်ကြီးများ ပစ်ခတ်ပြီး အင်အား အလုံးအရင်းဖြင့် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တန့်ဆည်မြို့နယ် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ်နေသော ကျေးရွာများမှာ ပေကြီးရွာ၊ တမာတောရွာနှင့် ပါရမီရွာတို့ ဖြစ်ပြီး လက်ရှိချိန်တွင် ပါရမီရွာကို စစ်တပ် အင်အား ၁ဝဝကျော်ဖြင့် ဝင်ရောက်စီးနင်းနေကြောင်း သိရသည်။
“ပါရမီရွာကို အခုဝင်စီးနေတယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီးတော့ တက်လာကျတာ တိုက်ပွဲထိတွေ့မှုမရှိဘူး။ ဒီအတိုင်းကို စစ်ကြောင်းထိုးပြီး တက်လာတာ ပြည်သူတွေအကုန်လုံးတော့ ပြေးနေရပြီ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေတော့ မသိရသေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွက် ဒေသခံပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေခြင်းကြောင့် တန့်ဆည်နယ်ထဲသို့ တိမ်းရှောင်နေရကာ အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားခဲ့သည့် ကံထူးမ – တမာတော လမ်းပိုင်းကိုလည်း ပြည်သူများ အသုံးပြုမှု ရပ်နားထားရန် PDF တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
Photo – Reuters