25 C
Yangon

စစ်ကောင်စီတပ်များ နိုင်ငံတစ်ဝန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်ကိုင်းနှင့်မကွေး တိုင်းတို့တွင် စစ်သား ၉ ဦးသေဆုံး‌ပြီး လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး သေဆုံးမှုများပြားနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် ကုန်ကြီးကွေ့အနီးတွင် စစ်ကောင်စီတပ်ကို ဖောင်းဒိုင်းအဖွဲ့က ရှေ့ထွက် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့  နံနက် ၁၀ နာရီ ၁၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများကို ဖျက်ဆီး၍ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို 11 BrothersRevolutionForces က ဦးဆောင်၍​ ​ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်(TGR)နှင့် 27RevolutionForces(မြင်းခြံ) မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ် ၀သုန္ဒရကျေးရွာအနီး နှောပင်မောင်နှမ နတ်နန်းနားတွင် စစ်ကား ၂ စီး မိုင်းဆွဲခံရကြောင်း၊ ပစ်ခတ်သံများလည်းကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

“မနေ့ညက မတ္တရာနဲ့ ပုသိမ်ကြီးအစပ် နှောပင်မောင်နှမ နတ်နန်းနားမှာ ခွေးကား၂စီး မိုင်းဆွဲခံရတယ်။ ၈ နာရီခွဲလောက်အချိန်။ အဲဒါ  ၄ မိုင်အကွာလောက်က ကို ကြားရတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ ကားတစ်စီးတော့ ထိသွားတယ်။ အသေအပျောက်ရှိနိုင်တယ်။ ညဘက်ဆိုတော့ ကျနော်တို့လည်း ထွက်မကြည့်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများ အသေအပျောက်ရှိနိုင်ကြောင်း၊ ယမန်နေ့ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ၂၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ ကင်းလှည့်ယာဉ်ကို မြထောင်လမ်းဆုံအနီးတွင်  Fire Dragon-HPDF မှ မိုင်း ၅ လုံးတစ်ပြိုင်တည်းခွဲတိုက်ခိုက်ကြောင်း၊  မိုင်းမိတဲ့နေရာတွင် ကားထိုးရပ်သွားပြီးရမ်းသန်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 

အလားတူ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာ အနောက်ဘက်သို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးမိတ်ဖက် မကွေးတပ်ရင်း (၁) တို့ကြား ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) နေ့လယ် ၁၂ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း၊စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့်ကျည်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- မကွေးတိုင်း၊ စေတုတ္တရာတွင် သိမ်းဆည်းမိသော စစ်ကောင်စီတပ်၏ လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article