35 C
Yangon

ရေဖြူတွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မုံးကိုးတွင်လည်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ကာ MNDAA ကို ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄ ဦး(အတည်ပြုနိုင်) သေဆုံးပြီး အတည်မပြုနိုင်သေးသည့် အထိအခိုက် အကျအဆုံးအများအပြားရှိကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ သတင်းထုတ်ပြန်သည်။

ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်များက ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရဲအိုင်ရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကားတစ်စီးမှိုင်းထိမှန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း၊ နံနက် ၉ နာရီ ၂၀ မှ ၉ နာရီ ၄၅ မိနစ်အထိ မြစ်မတက်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး လက်မောင်းသေနတ်ငယ်ထိမှန်ပြီး အရိုးကြေဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထားဝယ်ခရိုင် ကုလားချောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်များ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၁၀ မိနစ်မှ ၈ နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဝင် တပ်ဖွဲ့ဝင် ၄ ဦး သေးဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ပေ။

ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဟာမြင်းကြီး ကျေးရွာတွင် နံနက် ၁၁နာရီ ၄၅ မိနစ်မှ ၁၂ နာရီအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ညနေပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များက ဟားမြင်းကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်များက အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းများကို မိုင်းခွဲတိုက်ခိုက်မှု ပြုလပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းရာတွင်မူ အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ရဲဘော် နှစ်ဦး အဆက်အသွယ်မရ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ရှမ်းပြည်နယ် အထူးဒေသ(၁) မူပန်ခရိုင်နှင့် မုံးကိုးခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA (ကိုးကန့်) တို့ တိုက်ပွဲများ နေရာ အနှံ့ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ ထိုးစစ်ဆင်လျက်ရှိကြောင်း MNDAA တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် မုံးကိုးခရိုင်ရှိ ကိုးကန့်MNDAAတပ်ဖွဲ့၏ မန်ရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်တပ်က အထူးဒေသ(၁) မုံးကိုးခရိုင် လော်ကြာကျိုက် အနောက်ဘက် တောင်ကုန်းတွင် ကိုးကန့်MNDAAတပ်ဖွဲ့ နှင့် မိနစ် ၄၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ ၃နာရီ ၂၄ မိနစ်ခန့်တွင် ကိုးကန့်MNDAAတပ်ဖွဲ့သည် မူပန်ခရိုင် ရှောက်ရှန်ထွန်ဒေသမှ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၅နာရီ ၃၆မိနစ်ခန့်တွင် ကိုးကန့်MNDAAတပ်ဖွဲ့၏ Sniperတပ်ဖွဲ့က မန်းတုံဒေသ အရှေ့ဘက်တွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော စစ်ကောင်စီ တပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA (ကိုးကန့်) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article