ရန်ကုန်၊ ဇန်နဝါရီ ၂၈
ကျိုက်ထိုမြို့၊ မန္တလေးမြို့၊ ရေစကြိုမြို့နယ်နှင့် နတ်တလင်းမြို့တို့တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၄ဦးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ပြည်သူများထံမှ သိရသည်။
ကျိုက်ထိုမြို့=======မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက္ကသာကျေးရွာ သုဿန်အနီးတွင် ဇန်နဝါရီလ ၂၆ ရက်နေ့၌ တောင်ပိုင်းရပ်ကွက်နေ စစ်ကောင်စီ သတင်းဟု သတ်မှတ်ခံရသူ စိုးသန်း အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသူ စိုးသန်းသည် တောင်ပိုင်းရပ်ကွက်တွင် စစ်တပ် သတင်းပေးဟု နာမည်ကြီးသူဖြစ်ပြီး လောင်ကစား ဝါသနာထုံကာ သေဆုံးမှု မဖြစ်ပွားခင်က စပ္ပနူးကျေးရွာကြက်ဝိုင်းတွင် စကားများရန်ဖြစ်ပြီး အပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
မန္တလေးမြို့=======မန္တလေးမြို့ အမရပူရမြို့နယ် ဘုံးအိုးရွာတွင် ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၅နာရီခန့်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ရစွန်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။ အဆိုပါ စစ်တပ် သတင်းပေး သတ်ဖြတ်ခံရပြီးနောက် ကျေးရွာတွင်းရှိ အမျိုးသားများကို စစ်တပ်က လိုက်လံ ဖမ်းဆီး စစ်ဆေးနေပြီး ပြည်သူများကို နေအိမ်အတွင်းမှ ထွက်လာခြင်းများ မလုပ်ဆောင်ရန် လိုက်လံ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ် =========မကွေးတိုင်း ရေစကြိုမြို့နယ် တောင်လက် နှောင်းမကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် မိခိုင်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် 27 Revolution Force အဖွဲ့ဦးဆောင်ပြီး Urban Underground Revolution Force နှင့် South Yesagyo People’s Defense Force တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မိခိုင်သည် ကျေးရွာနေ ပြည်သူများနှင့် ပတ်ဝန်းကျင်ရွာများကို မဟုတ်မမှန်သတင်းများပေး၍ အမျိုးမျိုး ဒုက္ခပေးနေခြင်း (စကစ)အလိုကျ ကျေးရွာရံပုံငွေများကို ပျူစောထီးများအားထောက်ပံ့ပေးနေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
နတ်တလင်းမြို့နယ် ===========ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာတွင် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တစ်နိုင်ငံလုံးပြုလုပ်မည့် အသံတိတ်သပိတ်၌ မပါဝင်ရန် လော်စပီကာဖြင့် လိုက်အော်နေသော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်မင်းသူကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နတ်စစ်သည် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နတ်စစ်သည် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။