ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့်မုံရွာမြို့နယ်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီး ၁၃ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စိုင်းတမော့လေးကျေးရွာ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အေးမင်းစိုးသည် ဇန်နဝါရီ ၁၄ ရက်နေ့ ည ၁၀ နာရီ၀န်းကျင်အချိန်တွင် အသတ်ခံရကြောင်း၊ အသတ်ခံရသူသည် PDF များ ရှိမည်အထင်ဖြင့် တောထဲထိအောင် လိုက်စုံစမ်းခြင်း၊ အသတ်ခံရသည့်နေ့ ညနေခင်းပိုင်းတွင်လည်း ရဲများခေါ်ယူကာ ရွှေတူး၊ ရွှေကျင်သမားများအား ဖမ်းဆီးခြင်း၊ ပစ္စည်းများအား သိမ်းယူခြင်းနှင့် အဆိုပါ ပစ္စည်းများအား သိမ်းယူရန် ကားစောင့်ဆိုင်းရန် အရက်သေစာ သောက်စားနေချိန် ယမန်နေ့ ည ၁၀နာရီ ၀န်းကျင်အချိန်တွင် အမည်မသိ အဖွဲ့တစ်ခုက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာနှင့်သန်းတောရွာတွင် စစ်ကောင်စီသတင်းပေး ဒလန်များ၏သတင်းပေးပို့မှုကြောင့် ပလိုင်းရွာရှိ စစ်ကောင်စီတပ်များသည် သန်းတော နှင့် ထူးကြီး-တည်ပင်ကို စစ်ကြောင်းထိုးရာ ထူးကြီးရွာရှိ ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ သတင်းရသည်နှင့်တပြိုင်နက် C&T SHWEBO ၊ Snake Eyes၊ Shwebo Ghosts နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့အစည်းများက စောင့်ဆိုင်းနေလေရာ ဝါးရုံကန်ရွာ၌ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တချို့ဒဏ်ရာဖြင့်ဆုတ်ခွာသွားခဲ့ကြောင်း ၊ အပြန်လမ်းတွင် သန်းတောကျေးရွာရှိ ဒလန်ဟု သတ်မှတ်ခံထားရသော အောင်မောင်း ၊ မြင့်ကြွယ်၊ ငထွန်း ၊ ပိုင်သူနန်း တို့ ၄ ဦး၊ ဝါးရုံကန်ရှိ မိလဲ့(ခ) ကတုံးမ အပါအဝင် မိသားစုအပေါင်းအပါ ၆ ဦးစုစုပေါင်း ၁၀ ဦး ကို သတ်ဖြတ်လိုက်ကြောင်း C&T SHWEBO အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ နေ့လည် ၁ နာရီခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အဝင် ပန်းရိုးမ KTV ဆိုင်အတွင်း သိမ်ဇရပ်မှ စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ကိုမျိုး လာရောက် သောက်စားနေချိန် ပြည်သူ့ကာကွယ်ရေးကော်မတီ သိမ်ဇရပ် LPDF က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ နံနက် ဘုဘရွာမှ ဒလန်ဟု သတ်မှတ်ခံရသူ ဘိုမင်း ကို ကျောင်းစုရွာ အနီး သဖန်းပင်အောက်တွင် အမည်မသိသူတချို့က သတ်ဖြတ်သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အသတ်ခံရသော ရေတာရှည်မြို့နယ်၊ စိုင်းတမော့လေးကျေးရွာ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အေးမင်းစိုး။