28 C
Yangon

ပေါက်မြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းက ကျောက်ထုမြို့ကို ဦးတည် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

မကွေးတိုင်း၊ ပေါက်မြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းက ကျောက်ထုမြို့ကို ဦးတည် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် အင်အား ၉၀၀ ကျော်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပုသိမ်-မုံရွာ လမ်းပိုင်း ချောင်းဆုံလမ်းခွဲအနီးတွင် ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ၊ ပေါက်မြို့နယ် ပကဖ ၊ ပေါက်တောင်ပိုင်း YRF ၊ ဗိုလ်နားပေါက် အဖွဲ့တို့က ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ထို စစ်ကြောင်းသည် ယမန်နေ့က ပေါက်မြို့နယ် ကပစ ၂၄ ကို ရောက်ရှိသွားပြီး ကျောက်ထုမြို့ဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းတွင် အင်အား ၉၀၀ ကျော်ခန့် ပါဝင်ပြီး ကား ၃၀ စီး၊ အမြောက်များ တင်ဆောင်လာသော ကား ၁ စီး၊ ဒရုန်းများတင်ဆောင်လာသောကား ၁ စီးနှင့် အသေခံဒရုန်းများ တင်ဆောင်လာသော ကား ၁ စီးတို့လည်း လိုက်ပါလာကြောင်း သိရသည်။

ယနေ့ မေလ ၂၁ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပလောင်းကျေးရွာမှ တဆင့် ကျောက်တံခါးရွာကို ရောက်ရှိနေပြီး ထိုနေရာတွင် ညအိပ်တပ်စွဲထားကြောင်း၊ ယင်း စစ်ကြောင်းသည် ယမန်နေ့တွင် ကျောက်ထုမြို့ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးလာနိုင်ကြောင်း သိရှိရသည်။

“စစ်ကြောင်းက မနေ့ကထဲက ထွက်လာတာ စစ်ကြောင်းက ၂ ကြောင်းခွဲပြီးလာတာ ပထမ ရှေ့ပြေးစစ်ကြောင်း အင်အား ၄၀၀ ကျော်ပါတယ်။ နောက်ကလာတဲ့ စစ်ကြောင်းက အင်အား ၅၀၀ ကျော်ဝန်းကျင်ရှိတယ်။ အခုက အဲကောင်တွေ ကျောက်ထု အမြောက်တပ်ကို သွားမယ်လို့ ယူဆတယ်။ အခုစစ်ခွေးတွေက ကျောက်တံခါး ရောက်နေပြီး အဲ့မှာ စခန်းချထားတယ်။ ကျောက်တံခါးကနေပြီး နတ်ထိပ်ပြီးရင် တပြင်းကို ရောက်မယ်။ တပြင်းမှာလည်း စစ်ခွေး ၄၀၀ လောက်ရှိသေးတယ်” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ပြောဆိုသည်။

ထို့ပြင် မေလ ၁၈ ရက်နေ့တွင် တပြင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်သားများသည် စိတ်ကျန်းမာရေးမကောင်းသည့် ကျေးရွာနေပြည်သူ ဒေါ်မိစိုး (ခ) တင်မာစိုးကို အကြမ်းဖက် စစ်သားများက မုဒိမ်းပြုကျင့် သတ်ဖြတ်လိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဆိပ်ဖြူနှင့် ပေါက်မြို့နယ် အစပ်တွင် တော်လှန်ရေးတပ်များ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော စစ်တပ် ရိက္ခာကားများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article