28 C
Yangon

ကန်ပက်လက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် မြို့ပေါ်ကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်၊ ဟားခါးရှိ ချွန်ကျုံးရွာကိုလည်း စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မြို့ပေါ်ကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

မေလပိုင်းမှ စတင်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကန်ပက်လက်မြို့ အနီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်နေသော ကာကွယ်ရေးတပ်ဖွဲ့များ အတွက် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပရောက်ရှိနေသော ပြည်သူများ အနေဖြင့် အလှူငွေ ထည့်ဝင်ပေးခြင်းအားဖြင့်သော် လည်းကောင်း၊ ဆုတောင်းပေးခြင်းအားဖြစ်သော် လည်းကောင်း အင်တိုက်အားတက် ပါဝင်ကူညီပေးကြပါရန် ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုပါသည်။

အကြမ်းဖက် စစ်တပ်သည် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ မေလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ညနေ ၅ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ၂ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

“ကန်ပက်လက်မြို့ အနီးမှာ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲ စစ်ခွေးတွေက ကန်ပက်လက်မြို့ကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာ စစ်ရေးအခြေအနေကတော့ အခုထိ တိုက်ပွဲရှိနေတုန်းဆိုတော့ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ချွန်ကျုံးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃ လုံးထပ်မံမီးလောင်ပြာကျခဲ့ကြောင်း၊ အလားတူ မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ချွန်ကျုံးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၃ လုံးမီးလောင်ပြာကျခဲ့သေးကြောင်း သိရသည်။

“မနေ့က မေလ ၂၀ ရက် ညမှာ စစ်ခွေးတွေက ချွန်ကျုံးရွာကို ထပ်ပြီးတော့ မီးရှို့သွားတာ နေအိမ် ၃ လုံးပြာကျသွားတယ်။ အခုစစ်ခွေးစစ်ကြောင်းက ဟားခါးမြို့ပေါ်ကို ရောက်နေပြီလို့တော့ သတင်းကြားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ချွန်ကျုံးရွာကို ရောက်လာပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်းထိနာပြီး ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article