25 C
Yangon

အကြမ်းဖက် စစ်ကောင်စီ ပုလဲမြို့နယ်ရှိ ကျေးရွာ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူများနေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မွေ့တုံကျေးရွာ၊ ပမ်းရွာရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၄၀၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။ “၃၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မွေ့တုံကျေးရွာကို ရွာ့အနောက်ဘက်ကနေ သေနတ်တွေ ဖောက်ဝင်လာတယ်။ ရွာထဲမှာ ရှိသမျှ အိမ်တွေကို ရှာဖွေယူငင်ပြီးတော့ ည ၇ နာရီကျော်ကျော်လောက်မှာ မီးစရှို့တယ်။ မွေ့တုံရွာမှာ အိမ်ခြေ ၂၀၀ ကျော်ပါသွားတယ်။ မီးလောင်ပြင်ကြီးပဲ ။မွေ့တုံမှာ အိမ် ၁၅ အိမ်လောက်ပဲ မီးမရှို့ဘဲ ကျန်ခဲ့တယ်။ အဲ့အိမ်တွေကလည်း ဖျက်ဆီးခံထာရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မွေ့တုံရွာကို မီးရှို့ပြီးသည်နှင့် မွေ့တုံရွာနှင့် တစ်မိုင်ကျော်တွင် တည်ရှိသည့် ပမ်းရွာသို့ ညတွင်းချင်းကူးကာ မီးဆက်လက်ရှို့ကြောင်း၊ ည ၁ နာရီတွင် ပမ်းရွာကို မီးစရှို့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ပမ်းရွာကလည်း အိမ်ခြေ ၂၀၀ ကျော်လောက် ပါသွားတယ်။ အိမ်တွေက သူတို့ ရှိသမျှ စိတ်ကြိုက်အကုန်ယူပြီး မီးတွေ အကုန်ရှို့သွားတယ်။ ဘာကြောင့်ရှိုတယ်လို့ မပြောနိုင်တော့ပါဘူး ။ ယုတ်မာတယ်လို့ပဲ ပြောနိုင်တော့တယ်။ အနားမှာ တိုက်ပွဲလည်း လုံးဝ မဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပမ်းရွာမှ တနယ်ရွာသို့ ညတွင်းချင်း ကူးသွားပြီး တနယ်ရွာတွင် တပ်စွဲထားကြောင်း၊ တနဲရွာတွင်လည်း ပြည်သူများ၏ ပစ္စည်းများကို အကုန်ဖျက်ဆီး ယူငင်သွားကြောင်း သိရိရသည်။ “တနယ်ရွာမှာလည်း အကုန်ပစ္စည်းတွေ အကုန်ယူ ဖျက်ဆီးတယ်။ အခုရွာသားတွေက တနယ် ၊ ပမ်ရွာ၊ မွေ့တုံတင် မဟုတ်ဘူး ပတ်ဝန်းကျင်ရွာတွေကပါ အဝေးကို ပြေးရတာ။ အကုန်လုံးထွက်ပြေးကြရတာ။ သူတို့တွေ သေနတ်ဖောက်ဝင်ကတည်းက ထွက်ပြေးကြတာ” ဟုဒေသခံတစ်ဦးက ပြောပြသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် တနယ်ရွာမှ ထွက်သွားပြီး အင်မထီးကျေးရွာသို့ ရောက်နေကြောင်း သိရှိရသည်။

ပုံစာ- မီးရှို့ဖျက်ဆီးခံရသည့် မွေ့တုံရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article