25 C
Yangon

ဆောမြို့တွင် စစ်တပ်က မြို့မရဲစခန်းနှင့်မြို့တွင်းတွင် နေရာယူထားပြီး အပြင် မထွက်ရဲ၊ လောင်းရှည်တွင်လည်း မြို့ပေါ် တိုက်ပွဲဖြစ်နေ

Must read

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်း၊ ဆောမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝန်ကြီးဌာနရုံး များ၊ ကြံ့ဖွတ်ရုံးများကို ယနေ့ နံနက်အစောပိုင်းတွင် ဖောက်ခွဲ မီးရှို့လိုက်ပြီး လောင်းရှည်တွင်လည်းမြို့ပေါ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ များထံမှ သိရှိရသည်။ လက်ရှိတွင် စစ်တပ်နှင့်ရဲများသည် မြို့တွင်းတွင်သာ နေရာယူထားပြီးမြို့ပြင်မထွက်ရဲဖြစ်နေကြောင်း၊ ပြည်သူများမှာလည်း နေ အိမ် များတွင်သာ နေထိုင်ကြပြီး မြို့ပေါ် တိုက်ပွဲ များ အချိန် မရွေး ဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆောမြို့ခံ ပြည်သူ တစ်ဦးကို ဆက်သွယ်မေးမြန်းထာပါသည်။

မေး။ ။ လက်ရှိ ဆောမြို့ထဲမှာ အခြေအနေဘယ်လိုရှိလဲ စစ်တပ်ကလည်း မြို့ထဲကို ရောက်နေပြီလား။

ဖြေ။ ။ လက်ရှိမြို့ထဲမှာတော့ အသွားအလာတော့ သိပ်မရှိဘူး။ လူသူ ကင်းမဲ့ သလောက်တော့ရှိနေတယ်။ စစ်တပ်က အဲမြို့ထဲမှာ နေရာယူထားတယ်လို့ ပြောတယ်။ ကြက်သား ရောင်းတဲ့ ဈေးသည် တချို့တောင်မှ ပေးမဝင်လို့ ပြန်လှည့်ပြန်ခဲ့ရတာတွေလည်း ရှိတယ်လို့ ပြောတယ်။

မေး။ ။ စစ်တပ်နဲ့ ပတ်သက်တာတွေ တိုက်ခိုက်ခံပြီးနောက် ပြည်သူတွေရဲ့ စိုးရိမ်မှုကကော ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ မီးကတော့ နေရာ ၇ခုလောက်မှာကို တပြိုင်တည်း မီးတွေရဲပြီးတော့ မီးခိုးတွေ အများကြီးထွက်နေတယ်ပေါ့။ နောက်ပြီးတော့ အပြန်အလှန်ပစ်တာတွေလည်း အိမ်ကနေ ကြားနေရတာပေါ့။ အိမ်တွေပါ မြေကြီးတုန်တယ်။ နောက်ပြီးတော့ အဲလောက်ထိ ပြင်းပြင်းထန်ထန်ကို ဖြစ်တယ်။

ကျွန်တော်တို့ ကြားတာတော့ လက်နက်ကြီး ပေါက်ကွဲသံလို့ပဲ ထင်တယ်။ သူတို့မြို့မ ရဲစခန်းထဲကနေ ရမ်းသမ်းပြီးတော့ ပစ်တဲ့ မှန်းပြီးတော့ ပစ်တဲ့ လက်နက်ကြီးသံတွေကော တော်တော်ကြားရတယ်ဗျ။ အဲလိုမျိုးတွေ သေနတ်တွေလည်း အချက်ပေါင်းများစွာ နံနက် ၇နာရီ ဝန်းကျင်ထိကို သေနတ်တွေဖောက်တယ်။ အဲဒီ မြို့မ ရဲစခန်းထဲကနေပြီးတော့ သူတို့ အောက်ကိုတော့ ဆင်းလာတာတော့ မတွေ့ဘူး။ ၁ဝနာရီ ၁၁နာရီလောက်မှပဲ မြို့ထဲမှာ သွားလို့မရတော့ဘူးလို့ အဲလိုသတင်းကြားတာ။

မေး။ ။ အခု PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်တဲ့ နေရာက ဆောမြို့ရဲ့ မြို့လယ်ခေါင်နေရာလား။

ဖြေ။ ။ ဆောမြို့မှာဆိုရင် ကျွန်တော်တို့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီးတော့ ၂ ခြမ်းရှိတယ်။ အဲမှာ တံတားရဲ့ အရှေ့ဖက်ခြမ်းမှာ ဖြစ်တာ အခုဟာက အရှေ့ခြမ်းမှာ အဓိက ရုံးတွေပေါ့။ လက်ရှိ CDM မလုပ်တဲ့ သူက ၁ ယောက် ၂ယောက် ရုံးတက်နေတဲ့ ရုံးတွေကိုပဲ အဓိက လုပ်သွားတာ ဒါပေမယ့် တခြား CDM မလုပ်တဲ့ ရုံးတွေလည်း ရှိပါသေးတယ်။

မေး။ ။ အပြန်အလှန် ပစ်ခတ်မှုကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ အခြေအနေကော ဘယ်လိုရှိလဲ။

ဖြေ။ ။ မြို့သူ မြို့သားတွေတော့ စိုးရိမ်ပြီးတော့ ကြောက်နေတာပေါ့။ ဘယ်မှလည်း မသွားမလာရဲဘူး။ အဲလိုမျိုး ဖြစ်တော့ဖြစ်နေတယ်။ စိုးရိမ်စိတ်တွေကတော့ ရှိနေကြတယ်။

မေး။ ။ စစ်တပ်ကကော လူနေ ရပ်ကွက်တွေကို လိုက်မွှေနှောက်နေလား။

ဖြေ။ ။ အဲလိုတွေတော့ ရောက်ပြီး မွှေနှောက်တာတော့ မရှိသေးဘူး။ ဒီတိုင်းပဲလမ်းမှာ လိုက်စစ်ပြီးတော့ လှည့်ပြန်ခိုင်းတာပဲ ရှိသေးတယ်။ အသွားအလာတော့ သိပ်မလုပ်ခိုင်းဘူး။ အရှေ့ပိုင်းက ရုံးတွေ တော်တော်များများကတော့ အကုန် ဖောက်ခွဲ ခံလိုက်ရတယ်။ သူတို့ စစ်တပ် ထောက်တိုင်တွေပေါ့။ Non CDM တွေပေါ့။

မေး။ ။ အခုမြို့ပေါ်မှာကော ငြိမ်သက်သွားပြီးလား ပစ်သံတွေကောကြားရသေးလား။

ဖြေ။ ။ အခုတော့ ငြိမ်နေပါတယ်။ လောင်းရှည်မြို့ဖက်မှာတော့ ဖြစ်နေတယ်လို့ကြားတယ်။ ဒီဆောဖက်ဖြစ်ပြီးတော့ ဒီ PDF အဖွဲ့က လောင်းရှည်ဖက်ကို ထွက်ပြီးတော့ လောင်းရှည်ဖက်က အဖွဲ့တွေနဲ့ ပြန်ပြီးတော့ အဲဖက်မှာ ဖြစ်နေတယ်လို့ ပြောတယ်။ အဲလောင်းရှည်မြို့ထဲမှာ ထိခိုက် ကျဆုံးမှုတွေ ရှိတယ်လို့လည်း သိရတယ်။

မေး။ ။ လောင်းရှည်မှာ တိုက်ပွဲက ပြင်းထန်နေတာလား။

ဖြေ။ ။ ဆောမြို့ရဲ့ တောင်ဖက် ၁၂မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ဆောမြို့နယ်ရဲ့ ရွာကြီးတစ်ရွာပေါ့။ ဒါပေမယ့် လောင်းရှည်မြို့လို့ပဲ ခေါ်တယ်။ အဲလောင်းရှည်မြို့မှာတော့ မြို့တွင်းမှာကို တိုက်ပွဲဖြစ်နေတယ်လို့ ပြောတယ်။ ယခင်တုန်းကလည်း မြို့ထဲမှာ စစ်ကောင်စီ တပ်သားတွေက နေပြီးတော့ ပြည်သူပိုင်တဲ့ အိမ်တွေ ဖောက်ထွင်းခိုးယူတာတွေ အဲလိုမျိုးတွေ ဖျက်ဆီးတာတွေ ရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။

မြို့ရဲ့ အဝင်အထွက်တွေမှာ သူတို့ အဲလိုမျိုး စောင့်ကြပ်ပြီးတော့ အဲလိုမျိုး လုပ်တာ အခုတော့ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တံတားရှိတယ်။ အဲတံတားမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရတယ်။
နောက်ပြီး အခုလက်ရှိမှာတော့ အမျိုးသမီးတစ်ဦး စစ်ကောင်စီ ဖက်က ပစ်တဲ့ကျည်ထိပြီးတော့ ချက်ချင်းသေသွားပြီးတော့ အမျိုးသား တစ်ယောက်ဆိုလည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ပြည်သူတွေထဲကပေါ့ အဲလိုတွေ သိရတယ်။ PDF ဖက်နဲ့ စစ်ကောင်စီ ဖက်ကတော့ အကျအဆုံး အထိအခိုက်တော့ မသိသေးဘူး။ အဲတာက လောင်းရှည်မှာဖြစ်နေတာ။

မေး။ ။ ဆောမြို့ထဲမှာ ကျဆုံးထိခိုက်မှုကော သိရလား။

ဖြေ။ ။ ဒီဆောမြို့ထဲမှကျတော့ ရဲစခန်းထဲကို ပစ်တော့ပစ်တယ်။ ဒါပေမယ့် ထိခိုက် ကျဆုံးတွေ အဲလိုမျိုးတော့ မသိရသေးဘူး။ ပစ်တော့ ပစ်ကျတာပဲ အပြန်အလှန်ပစ်သံတွေတော့ ကြားနေရတာပေါ့။ ဆောမြို့ထဲမှာတော့ ပြည်သူ တွေ မထိဘူး။

ပြည်သူတွေက လုံးဝကို တံခါးတွေ ပိတ်ပြီးကို အိမ်ထဲမှာပဲ နေနေကျတာ အသံတွေကတော့ အိမ်ကနေ ဒီတိုင်းပဲကြားနေရတာ ည ၁၂နာရီ ကျော်ကျော် ကနေစပြီးတော့ တောက် လျှောက် နံနက် လင်းတဲ့အထိ ဆက်တိုက်ကို ကြားနေရတာပါ။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ။ ။ ကျွန်တော်တို့ မြို့နယ်တွင်းမှာဆိုရင် ပညာရေးကလည်း ကျွန်တော် ကြားတာက CDM မလုပ်တဲ့ ဆရာ၊ဆရာမ ၁ဝဦးလောက်လေးရှိပြီးတော့ အဲဒီ ၁ဝ ဦးလောက်နဲ့ ကျောင်းပြန်ဖွင့်နိုင်ဖို့ မြို့ပေါ်မှာ ရှိတဲ့ စာသင်ကျောင်း ၃ ကျောင်း ရှိတယ်။ အဲဒီ စာသင်ကျောင်း ၃ကျောင်းကို ပေါင်းပြီးတော့ ဒီတစ် ကျောင်းမှာပေါင်းပြီးတော့ လက်ရှိမှာ သင်နေတယ်လို့လည်း ကြားရတယ်။ အဲတော့ ပညာရေး ဝန်ထမ်းတွေ အပါအဝင် တချို့ CDM မလုပ်တဲ့ သူတွေ အနေနဲ့လည်း ပြည်သူ့ CDM ဖက်ကို အမြန်ဆုံး ဝင်ပေးဖို့ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article