25 C
Yangon

ရန်ကုန်အင်းစိန်ဇီးအုံကုန်း ချင်းဘုရားကျောင်းဝင်စီးခံရပြီး လူငယ် ၂ ဦးကို စစ်တပ် က ပစ်သတ်၊ ဗုံးကွဲသံသယဖြင့် ဖမ်းဆီးခံရသူ ကြည့်မြင်တိုင်မှ လူငယ်တစ်ဦး စစ်ကြောရေးတွင်သေဆုံး၊ ညအချိန် လမ်းသွားလမ်းလာများကို စစ်တပ်က ရိုက်နှက်မှုများ ဖြစ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်း အင်းစိန်မြို့တွင် စစ်တပ် ပစ်သတ်သောကြောင့် လူငယ် ၂ဦးပွဲသေဆုံးခဲ့ပြီး ကြည်မြင်တိုင်တွင်လည်း စစ်တပ်က ကိုမျိုးဝင်းသန်းကို ဗုံးကွဲမှု သံသယဖြင့် ဖမ်းဆီးကာ စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း၊ ညအချိန်တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်တပ်က ရိုက်နှက်မှုများ ရှိနေကြောင်း ရန်ကုန်မြို့ ပြည်သူများထံမှ သိရှိရသည်။

အင်းစိန်မြို့နယ်
============

အင်းစိန်မြို့နယ် တောင်သူကုန်း အမက (၆) ဇီးအုံကုန်းဘေးရှိ ချင်းဘုရားကျောင်းတွင် ဖေဖော်ဝါရီလ ၃ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က လူငယ်နှစ်ယောက်ကို ပစ်သတ်ကာ ဘုရားကျောင်းကို ချိတ်ပိတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် အဆိုပါ နေရာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဒလမြို့နယ်
=========

ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ ည ၈နာရီခန့်က သေနတ်သံ ၂ချက် ထွက်ပေါ်ခဲ့ပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်တွင်းရှိ ပြည်သူ တချို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကြည်မြင်တိုင်မြိုင်နယ်
============

ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၅နာရီခန့်က ဈေးဟောင်းအရှေ့ ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးရှင်းရန် ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်ကြီး တစ်ဦး လက်ပြတ် ခြေပြတ်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အလားတူ ကမ်းနားဈေးရှိ ရပ်ကွက်ရုံးလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ဦးသေဆုံးခဲ့ပြီး အလုံ လျှပ်စစ်ရုံးတွင်လည်း ဗုံးထပ်မံ ပေါက်ကွဲခဲ့ပြီး သေဆုံးထိခိုက် အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းရှေ့ ဆီဆိုင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဈေးဟောင်းဘေး လမ်းအတွင်းရှိ သားအဖ ၂ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကာ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် သားဖြစ်သူ ကိုမျိုးဝင်းသန်းကို စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

” ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အဲ့လမ်းထဲကသားအဖအဖမ်းခံလိုက်ရတယ်။ သားဖြစ်သူက စစ်ကြောရေးမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ သေသွားတယ်။ အိမ်ကိုဝင်ဖမ်းတဲ့အချိန်မှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေယူသွားတယ်။ ဖအေဖြစ်သူကိုတော့ ရဲစခန်းမှာဘဲဖမ်းထားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ကျောက်တန်းမြို့နယ်
============

ကျောက်တန်းမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၄ရက်နေ့ ည ၈နာရီ ၄၅မိနစ်ခန့်က အိမ်စီးကား တစ်စီးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် အသက် ၂ဝ အရွယ် အမျိုးသမီး ၁ဦး ကျည်ဆံထိမှန်ကာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်
===========

လှိုင်သာယာမြို့နယ်ဘုရင့်နောင် ဂုံးတံတား အဆင်း အောင်သပြေဟော်တယ် ရှေ့တွင် ဖေဖော်ဝါရီလ ၄ရက်နေ့ ည ၁ဝနာရီ ၄၃မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ကားများကို စစ်ဆေးမှုပြုလုပ်ပြီး ပြည်သူများကို ရိုက်နှိက်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်ညအချိန်ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article