29 C
Yangon

“စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ တောတွေ လယ်ကွင်းက ကောက်ရိုးတိုက်တွေ အကုန်လုံးကို စစ်တပ်က လက် နက် ကြီးနဲ့ လိုက်ပစ် မီးရှို့တာ။ ရွာမှာ အိမ်ခြေ မကျန်ခဲ့သလောက်ပဲ မီးလောင်သွားတာ။ ပစ်တာက ၆ဝ မမတို့ ၄ဝ မမတို့နဲ့ ပစ်တာ အဲလိုမျိုးတွေ ရက်ရက် စက်စက် ပစ်တာဆိုတော့ ကျွန်တော်တို့ ပြည်သူတွေလည်း ဘယ်လိုမှ မနေရဲကျတော့ဘူး”

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ မုဿာကျေးရွာအုပ်စုတွင်ရှိသော မုဿာရွာနှင့် မောက်တက်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁ဝရ က်နေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး မုဿာရွာရှိ အိမ်ခြေ ၁၅ဝ ခန့်နှင့် မောက်တက်ရွာရှိ အိမ်ခြေ ၁၃ဝကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် မီဒီယာက မုဿာကျေးရွာ ဒေသခံပြည်သူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မုဿာနဲ့ မောက်တက်ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တဲ့ အခြေနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ဖေဖော်ဝါရီလ ၁၀ရက်နေ့ပေါ့။ နံနက် ၅နာရီ ၃ဝမိနစ်နဲ့ ၆နာရီလောက်မှာ သူတို့က ရွာထဲကို ဝင်လာကျတာ ဝင်ကတည်းက မောက်တက်ဖက်ကော မုဿာဖက်ကော တစ်ခါတည်း ဖြန့်ဝင်သွားတာ သူတို့က လူတွေအများကြီးဆိုတော့ ဝင်ပြီးတာနဲ့ တောက်လျှောက်ပဲ လက်နက်ကြီးကိုမှ အချက်ရေ ၅ဝ၊ ၆ဝလောက်ရှိမယ်။ ပစ်တာ ၆ဝ မမတို့ ၄ဝ မမတို့နဲ့ ပစ်တာ အဲလိုမျိုးတွေ ရက်ရက် စက်စက် ပစ်တာဆိုတော့ ကျွန်တော်တို့ ပြည်သူတွေလည်း ဘယ်လိုမှ မနေရဲကျတော့ဘူးလေ။ အကုန်လုံး ထွက်ပြေးကျရတော့တာ အဲမှာ တောက်လျှောက် လက်နက်ကြီးတွေ ပစ်လိုက် ဝင်လိုက်နဲ့ဆိုတော့ ဝင်ဝင်ပြီးချင်းရွာထဲ ဝင်တာနဲ့ တောက်လျှောက် အကုန်လုံးကို မီးရှို့တာပဲ။ မောက်တက် မီးလောင်ရော မုဿာလည်း လောင်နေပြီ ၂ရွာလုံးပြိုင်ရှို့တာ နံနက် အစောကြီးပိုင်းဝင်တာပေါ့။ သူတို့ ဘယ်အချိန်ပြန်ထွက်သွားလည်း ဆိုတော့ ကျွန်တော်တို့ မကြည့်နိုင်တော့ဘူး။ သူတို့ အနီးအနား တောတွေက အစ အကုန်လုံး စစ်ဘေးရှောင်တဲ့တောတွေ လယ်ကွင်းက ကောက်ရိုးတိုက်တွေ ဘာတွေ အကုန်လုံးကို လက်နက်ကြီးနဲ့ လိုက်ပစ် မီးရှို့ အဲလိုမျိုးလုပ်တာဆိုတော့ အနီးကပ်မှာ ဘယ်သူမှကို နေလို့ မရတော့တာ

မေး။ ။ ၂ရွာပေါင်း အိမ်ခြေ ဘယ်လောက် ပျက်စီးဆုံးရှုံလဲ။
ဖြေ။ ။ မောက်တက်ကလည်း အိမ်ခြေ ၁၂ဝ နဲ့ ၁၃ဝလောက်လောင်တယ်။ ကျွန်တော်တို့ မုဿာကလည်း ကတော့ ၁၅ဝလောက်လောင်တယ်။ မောက်တက်လည်း ၁၃ဝလောက်လောင်မယ်။ အတိအကျတော့ မသိရသေးပေမယ့် ရွာမှာ အိမ်ခြေ မကျန်ခဲ့သလောက်ပဲ မီးလောင်သွားတာ။ မောက်တက်မှာက ဘုန်းကြီးကျောင်း တစ်ကျောင်းလုံးတော့ မီးလောင်တာမဟုတ်ဘူး။ ဘုန်းကြီးကျောင်း အဆောင်တစ်ခုတော့ လောင်သွားတယ်။

မေး။ ။ စစ်ဘေးရှောင် ပြည်သူတွေကော ရွာကို မပြန်ကျသေးဘူးလား။
ဖြေ။ ။ ရွာသားတွေ အကုန်လုံးလည်း တောထဲမှာပဲ စစ်ဘေးရှောင်နေရတာ ရွာသားတွေကတော့ မဝင်ကျသေးဘူး။ ဝင်ရင်လည်း နေစရာ နေရာတွေမှ မရှိတော့တာ

မေး။ ။ စစ်ဘေးရှောင် ပြည်သူတွေကော ဘာတွေလိုအပ်နေလဲ။
ဖြေ။ ။ စားရေးသောက်ရေး အဝတ်အထည် ခြုံစောင်ပေါ့လေ အကုန်လုံးပေါ့ဗျာ လိုအပ်တာတွေကြီးပါပဲ ကျွန်တော်တို့ ဒီမှာ စားနပ်ရိက္ခာပိုင်းတွေ ဆိုရင်လည်း အများကြီး အခက်အခဲရှိတယ်။ အိမ်တွေမှာ လက်နက်ကြီးပစ်တော့ ဝရုန်းသုန်းကားနဲ့ ကြောက်အားကြီးပြီးတော့ ဘာမှ မယူနိုင်ကျဘူး။ အကုန်လုံး ဒီတိုင်းပဲထွက်ပြေးကျတာဆိုတော့လေ။ ပစ္စည်းတွေက အဲအတိုင်းပဲ အကုန်လုံး အိမ်ထဲမှာ ကျန်ခဲ့ကျရတယ်။ ရိက္ခာတွေဆိုရင်လည်း အကုန်မီးရှို့သွားတာကို ဘာတစ်ခုမှ မကျန်ခဲ့ဘူး။

မေး။ ။ စစ်တပ်ကကော ရွာထဲမှာ တပ်စွဲထားတုန်းလား။
ဖြေ။ ။ မရှိတော့ဘူး။ ကျွန်တော်တို့ မုဿာ၊ မောက်တက် အဲဖက်ကနေကျော်ပြီးတော့မှ ဟိုဖက်မှာ ဇနဖျင်းရွာမှာပဲ စစ်ကြောင်းက အဲမှာပဲရှိတာဗျ အဲမှာကို အင်အား ၂ဝဝ၊ ၃ဝဝလောက်ရှိတယ်။ အခုကို ပြန်ပြီးမှာ မောက္ကတော်ဖက်ကို အင်အားဖြည့်ထားတာ ၆ဝဝလောက်ရှိတယ်လို့တော့ ကြားတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article