By လမ်းသစ်
စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မူတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ကမ္ဘာ့အဆိုးရွားဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
Economist Intelligence Unit’s (EIU) ကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ခုနှစ်အတွက် ဒီမိုကရေစီအညွန်းကိန်းအရ မြန်မာနိုင်ငံက အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး သူ့အောက်မှာတော့ တာလီဘန်တွေတကျော့ပြန် အုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်ပဲ ရှိပါတော့တယ်။ ဒါ့အပြင် အကြွင်းမဲ့ အာဏာရှင်နိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားကတောင် အဆင့် ၁၆၅ နဲ့ မြန်မာရဲ့အထက်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။
အီကော်နော်မစ်မဂ္ဂဇင်းရဲ့ နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို ကောက်ယူတဲ့ ဒီမိုကရေစီအညွန်းကိန်းစစ်တမ်းက အချက် ၅ ချက်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲရှိ/မရှိ၊ ရှိပေမဲ့လည်း အများစုကို အမှန်တကယ် ကိုယ်စားပြုခြင်း ရှိမရှိ၊ အစိုးရယန္တရား လည်ပတ်နိုင်ခြင်းရှိမရှိ၊ နိုင်ငံရေးမှာပါဝင်နိုင်မူ၊ ဒီမိုကရေစီစံနှုန်းနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်စတဲ့ အချက်တွေကို အခြေခံကောက်ယူ ထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီမိုကရေစီအညွန်းကိန်းဇယားမှာတော့ မြန်မာနိုင်ငံက အဆင့် ၁၃၅ မှာရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း တစ်နှစ်တာကာလအတွင်းမှာပဲ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစံနှုန်းတွေကို အချိုးဖောက်ဆုံး၊ အဖိနှိပ်ဆုံးတိုင်းပြည်အဖြစ် အဆင့် ၃၀ ကျော်ကျဆင်းသွားပြိး အောက်ဆုံးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေ သုံးသပ်ထားသလို အာဏာသိမ်း နောက်ဆက်တွဲ ဂယက်တွေကြောင့် တိုင်းပြည်က ကျရှုံးနိုင်ငံအဖြစ် ဦးတည်နေတဲ့ အခြေအနေတွေဖြစ်လို့ EIU စစ်တမ်းရလာဒ်ကလည်း အထူးအဆန်းလို့တော့ သိပ်မဆိုနိုင်ပါ။
အာဏာသိမ်းပြီး တစ်နှစ်ခန့်ကာလအတွင်းမှာပဲ စစ်ကောင်စီရဲ့ပစ်ခတ်မူ၊ ဖမ်းဆီးမူ နောက်ဆက်တွဲများကြောင့် သေဆုံးသူ အရပ်သား ၁,၃၀၀ နှင့်အထက်ရှိပြီး တိုက်ပွဲများနှင့်ဆက်စပ် သေဆုံးသူ ၄၀၀နဲ့ အထက်ရှိတယ်လို့ ISP-Myanmar၊ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စတဲ့ စောင့်ကြည့်အဖွဲ့အစည်းများရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါအပြင်စောင့်ကြည့်လေ့လာတဲ့ အဖွဲ.အစည်းတွေက စစ်အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် တစ်နှစ်တာအတွင်း အရပ်သား ၃,၅၀၀ နဲ့အထက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်း နောက်ဆက်တွဲ ဂယက်တွေကြောင့်လည်း ပြည်သူငါးသိန်းကျော်က နေရပ်စွန့်ခွာနေရပြီး တစ်နှစ်တာကာလအတွင်း လူဦးရေတစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ နေအိမ်အလုံးပေါင်း ၄,၅၀၀နဲ့အထက် အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာကိုလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေကိုကြည့်ရင် စစ်အာဏာရှင်တွေက ပြည်သူကို ဘယ်လောက်အထိ ရက်စက်စွာ ဖိနှိပ်နေလဲဆိုတာ ပေါ်လွင်စေပါတယ်။ ဒါအပြင် ကျောက်ပန်းတောင်မြို.မှာ သိပ်မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လျှပ်စစ်မီးမရမူကြောင့် အလုပ်အကိုင်အဆင်မပြေလို့ မိမိကိုယ်ကို မီးရှို့ဆန္ဒပြမူတွေက စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေနေ့စဉ် ဘယ်လောက် အတိဒုက္ခရောက်နေကြလဲ ဆိုတာ ထင်ရှားစေပါတယ်။
မြန်မာနိုင်ငံကအရင်က အာဏာသိမ်းမူ ၃ ကြိမ်ဖြစ်ပွားခဲ့မှုကြောင့် ဆယ်စုနဲ့ချီ အာဏာရှင်စနစ်အောက်မှာ ဘယ်လောက်အမှောင်ဖုံးခဲ့၊ ကမ္ဘာမှာအဆင်းရဲဆုံး တိုင်းပြည်တစ်ခုအဖြစ် ဘယ်လောက် မျက်နှာငယ်ခဲ့ရလဲဆိုတာ အားလုံးအသိပါ။
အခုလည်း တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းလေးပေါ် ရောက်မယ်မှ မကြံသေး အာဏာရှင်တစ်စုရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက် လူမဆန်တဲ့ ဖိနိုပ်မှုတွေကြောင့် ပြည်သူတွေ အမှောင်ဖုံး ခဲ့ရတာပဲဖြစ်တယ်။ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ ပြည်သူတွေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သွားစေဖို့ ရရာနည်းလမ်းနဲ့ တွန်းလှန်နေကြမှာပဲ ဖြစ်တယ်။
ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို အဖိနှိပ်ဆုံးတိုင်းပြည်ဘဝမှ လွတ်မြောက်ရေး၊ စစ်အာဏာရှင် ဖြုတ်ချရေး တို့ဟာ ပြည်သူအားလုံးအတွက် သမိုင်းပေး တာဝန်ဖြစ်လာမှာ ဖြစ်သလို၊ နွေဦးတော်လှန်ရေးကြီး အောင်မြင်စေဖို့အတွက် ပြည်သူတွေရဲ့ စိတ်ဓါတ်၊ အင်အားနဲ့ သက်သေပြ သမိုင်းသစ် ရေးထိုးကြရမှာပဲ ဖြစ်ပါတယ်။