ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များနှင့် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားသဖြင့် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
“မိုးဗြဲဘက်ကို ထိုးလာတဲ့အထဲက သံချပ်ကာအမြှောက်ကား ၂ စီးပျက်တယ်လို့ မြေပြင်က သတင်းပို့တယ်၊ ၂ စီးလုံးကို 338 စနိုက်ပါနဲ့ ချလိုက်တယ်။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်၊ အခုလက်ရှိ အချိန်ထိ တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတုန်း။ မနေ့ကတော့ မိုးဗြဲ PDF ၁ ဦးကျတယ်၊ ဒီနေ့ ကိုယ့်ဘက်က အကျ မရှိသေးဘူး၊ စစ်ကောင်စီဘက်က သေတာများတယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KGZ နှင့် JPDF အဖွဲ့များက ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းပြီး သံချပ်ကာအမြှောက်ကား ၂ စီးပျက်စီးကာ စစ်အသား အများအပြားသေဆုံးမှုကြောင့် မိုးဗြဲဒေသကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဖြင့် ယနေ့ ညနေပိုင်းတွင် ၄ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။
“တိုက်လေယာဉ်နဲ့ ဗုံးကျဲချနေတယ်။ ၆နာရီ ၇မိနစ်လောက် ၄ခေါက်ရှိပြီ၊ တိုက် လေယာဉ် ၂ စီးနဲ့ ဘယ်နားကို ကျဲလည်းဆိုတာ နေရာအတိအကျတော့ မသိရသေးဘူး။ ပွဲကုန်းရပ်ကွက်ပဲနားကို ကျဲနေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက် နက်ကြီးကျည် ထိမှန်ပြီး ဝါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ ပျက်စီးမှုရှိသလို မိုးဗြဲဒေသတွင် ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်း သိရှိရသည်။
မိုးဗြဲဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်လာနေခြင်းဖြစ်သည်။