25 C
Yangon

အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်ရန် နှိုးဆော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမည်

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် လူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီများထံမှ သိရသည်။

စစ်ကောင်စီသည် သမိုင်းအမှန်များကို ဖျောက်ဖျက်ကာ မျိုးဆက်သစ်များအား ဝါဒမှိုင်းသွင်းရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို ဖျက်ဆီး၍ အာဇာနည်စိတ်ဓာတ်ကို ကွယ်ဝှက်ရန် ကြိုးစားနေသော်လည်း၊ ပြည်သူတို့၏ လွတ်လပ်လိုစိတ်နှင့် တရားမျှတမှုကို တောင့်တသော အာဇာနည်တို့၏ သမိုင်းဝိညာဉ်ကို မည်သည့်အာဏာဖြင့်မျှ ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှိုးဆော်ထားပြီး အလေးပြုခြင်း လှုပ်ရှားမှုကို ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မိမိတို့ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ မော်တော်ယာဉ်ဟွန်းတီးခြင်းတို့ဖြင့် ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြုကြရန်၊ အနက်ရောင်လှုပ်ရှားမှု (Black Movement) အနက်ရောင် အဝတ်အစား၊ အနက်ရောင် ဖဲကြိုး သို့မဟုတ် ဦးထုပ်များ ဝတ်ဆင်ခြင်းဖြင့် ဝမ်းနည်းခြင်းနှင့် မမှိတ်မသုန် ဆက်လက်တော်လှန်လိုသော စိတ်ဓာတ်ကို ပြသကြရန်၊ စုဝေးဂါရဝပြုခြင်းကို ဒေသအလိုက် ဗိုလ်ချုပ်ရုပ်တုများ၊ လွတ်လပ်ရေးကျောက်တိုင်များနှင့် ကျဆုံးအာဇာနည်များ၏ ဂူဗိမာန်များသို့ စုဝေးချီတက်ကာ အာဇာနည်တို့၏ သမိုင်းကို ပြည်သူများက အစဉ်အမြဲ အမှတ်ရနေကြောင်း သက်သေပြကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုပြုလုပ်မည့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး၏ အဓိက တောင်းဆိုချက် ၃ ချက်ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ ပြည်သူများကို ဒုက္ခပေးနေသော အဓမ္မ စစ်မှုထမ်းဥပဒေ (ပေါ်တာဆွဲဥပဒေ) ကို ချက်ချင်း ဖျက်သိမ်းရန်၊ မြန်မာနိုင်ငံ၏ တရားဝင်သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ဖော်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ တန်းတူရေးနှင့် ဒီမိုကရေစီအရေးအတွက် ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ၏ သတ္တိဂုဏ်ကို လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါ အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီးတွင် ပြည်သူအင်အားဖြင့် ဝိုင်းဝန်းသက်သေပြ ပါဝင်ကြရန် နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article