ရန်ကုန်၊ ဇူလိုင် ၁၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် Mytel ကုမ္ပဏီက ကမ္ဘာ့ဖလားပြသခွင့် ဝယ်ယူခဲ့သော်လည်း ကြည့်ရှုသူမရှိ၍ စစ်တပ်ဝါဒဖြန့်အဖြစ် သုဝဏ္ဏဘောလုံးကွင်းတွင် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှစတင်၍ ဗိုလ်လုပွဲအထိ ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် Mytel က ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲများကို မြန်မာ နိုင်ငံအတွင်း တစ်ဦးတည်းမူပိုင်ပြသခွင့် ဝယ်ယူထားသော်လည်း ငွေပေးဝယ်ယူကြည့်ရှုသူ မရှိသလောက် နည်းပါးနေ၍ တွက်ခြေမကိုက်ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ၂ ပွဲ၊ တတိယနေရာလုပွဲနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ စုစုပေါင်း ဘောလုံးပွဲစဉ် ၄ ခုကို စစ်တပ်ဝါဒဖြန့်အဖြစ် ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကမ္ဘာ့ဖလားဘောလုံးပွဲများကို ငွေပေးဝယ်ယူကြည့်ရှုသူ နည်းပါးနေသဖြင့် စစ်တပ်ဝါဒဖြန့်ချိရေးနှင့် လူငယ်များကို ဆွဲဆောင်ရန် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် အခမဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသရန် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ရန်ကုန်တိုင်းစစ်ကောင်စီက စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်မှာ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သုဝဏ္ဏဘောလုံးကွင်း အသုံးပြုရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ထံ ခွင့်ပြုချက်တောင်းခံရန်ပင် မလိုအပ်ဘဲ အသုံးပြုခွင့်ရရှိထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ သုဝဏ္ဏဘောလုံးကွင်းကို စစ်တပ်က အသုံးပြုရန် စီစဉ်ထားပြီး ကွင်းဝင်ကြေးအခမဲ့ဖြင့် ပြည်သူများနှင့် လူငယ်များ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီမှစတင်၍ ကွင်းအတွင်း အားကစားဂိမ်းများနှင့် အခြားဂိမ်းကစားနည်းများကို အခကြေးငွေဖြင့် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည့် မနက်မိုးလင်းခါနီးအချိန်အထိ အစီအစဉ်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပွဲသို့ လူငယ်များနှင့် ပြည်သူများ ပိုမိုလာရောက်စေရန် အဆိုတော် နီနီခင်ဇော် ဦးဆောင်သည့် စတိတ်ရှိုးအစီအစဉ်နှင့် DJ အဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း အခမဲ့ ထည့်သွင်းစီစဉ်ထားကြောင်း သိရှိရသည်။
သို့ရာတွင် အဆိုပါပွဲများကို ညပိုင်းမှ မနက်မိုးလင်းခါနီးအထိ ကျင်းပမည်ဖြစ်သဖြင့် ပွဲကြည့်ရှုပြီး အချိန်မတော် ပြန်လာသည့် လူငယ်များအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအမည်ခံအဖွဲ့များ၏ စစ်ဆေးဖမ်းဆီးမှုများကို အထူးသတိထားကြရန် သတင်းရင်းမြစ်က သတိပေးသည်။
အထူးသဖြင့် အရက်နှင့် ဘီယာသောက်စားထားသည့် လူငယ်များမှာ ညဉ့်နက်ပိုင်း စစ်ဆေးမှုများအတွင်း အကြောင်းအမျိုးမျိုးရှာဖွေ ဖမ်းဆီးခံရနိုင်ပြီး စစ်မှုထမ်းတပ်သားအဖြစ် ပို့ဆောင်ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။
“ဘောလုံးပွဲ Live ထုတ်လွှင့်မှု ပြီးဆုံးချိန်က မနက်လင်းခါနီးအထိ ဖြစ်မှာပါ။ လူငယ်တွေ အထူးသတိထားရမှာက စစ်ကောင်စီက စီစဉ်တဲ့ ဒီပွဲဟာ ညဉ့်နက်ပိုင်းအထိ ကျင်းပမှာဖြစ်လို့ အချိန်မတော် ပြန်လာတဲ့ လူငယ်တွေ၊ အထူးသဖြင့် အရက်၊ ဘီယာ သောက်စားမူးယစ်ထားတဲ့ လူငယ်တွေဆိုရင် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ရဲတွေနဲ့ ပြည်သူ့လုံခြုံရေးအမည်ခံ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပြီး အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးကာ စစ်မှုထမ်းထဲ ပို့ဆောင်ရောင်း စားခံရနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အထူးသတိထားကြဖို့ လိုပါတယ်” ဟု သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။






