ရန်ကုန်၊ ဇူလိုင် ၁၄
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ပွဲစားခအဖြစ် ဘတ် ၂၀,၀၀၀ ခန့်အထိ ပေးချေကာ ကား ၃ စီးဖြင့် ပြွတ်သိပ်ကျပ်ညှပ်စွာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် အယုဒ္ဓယခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် ခရိုင်လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အယုဒ္ဓယခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးအမှတ် (၁) ပေါ်တွင် စရပူရီခရိုင်ဘက်မှ အယုဒ္ဓယခရိုင်အတွင်းသို့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် စောင့်ဆိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးမှုအတွင်း မှန်အမည်းရောင် ကပ်ထားပြီး ကားနောက်ပိုင်း အလေးချိန် အလွန်အကျွံ ဖိကျနေသည့် မသင်္ကာဖွယ် ကား ၃ စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကားများအတွင်း၌ ပြွတ်သိပ်ကျပ်ညှပ်စွာ လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ဖမ်းဆီးခံရသူ ထိုင်းယာဉ်မောင်းသည် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စရပူရီခရိုင်မှ အယုဒ္ဓယခရိုင်သို့ ပို့ဆောင်ရန်အတွက် တစ်ခေါက်လျှင် ဘတ် ၁,၅၀၀ ဖြင့် ငှားရမ်းခြင်း ခံခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသည်။ ထို့ပြင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၂ ဦးသည်လည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ သဘာဝတောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာခဲ့ကြခြင်းဖြစ်ပြီး၊ ဘန်ကောက်နှင့် အတွင်းပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀0 မှ ၂၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း ထွက်ဆိုထားသည်။
လက်ရှိအချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး၊ တရားခံများနှင့် သက်သေခံပစ္စည်းများကို ဝမ်နွိုင်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ချွန်ပွန်းခရိုင်၊ မောင်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးအမှတ် (၄၁) ပေါ်၌ လမ်းယာဘက်အခြမ်းတွင် ကားလမ်းမဖယ်ဘဲ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံကားကြီး ၁ စီးကို အဝေးပြေးရဲတပ်ဖွဲ့က ဒဏ်ရိုက်ရန် တားဆီးခဲ့ရာမှ ကားနောက်ခန်း ထိုင်ခုံများအနောက် ခရီးသည်များကြားတွင် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာ တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။
ထို့ပြင် ၎င်းတို့ကို သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသူ ထိုင်းကားမောင်းသမားက အဆိုပါ မြန်မာနိုင်ငံသားများကို စမွတ်စခွန်ခရိုင်နှင့် စမွတ်စုန်ခရမ်ခရိုင်တို့ရှိ ဂိတ်ပြင်ပမှ လျှို့ဝှက်တင်ဆောင်လာခြင်းဖြစ်ပြီး၊ စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရန် သယ်ယူခ ဘတ် ၁၂,၀၀၀ ရရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်လာသူများအား ဖုံးကွယ်ကူညီမှုဖြင့် ထိုင်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃ ဦးကို ဖမ်းဆီးထားပြီး၊ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ဥပဒေအရ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရန် ဘန့်ဝိဆိုင်နွဲ့ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တတာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ သာ့ဆိုင်းလွတ်ကျေးရွာနှင့် မဲဆောက်အဝေးပြေးကားဂိတ်တို့တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် အသက် ၅၀ အရွယ် မြန်မာအမျိုးသား ၁ ဦးနှင့် အသက် ၆၀ အရွယ် မြန်မာအမျိုးသား ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၂ ဦးလုံးကို မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပြန်လည်နှင်ထုတ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






