25 C
Yangon

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၂၀ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းကျဆုံးသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း အကျအဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်-MBPDFက သတင်းထုတ်ပြန်သည်။

မိုးဗြဲဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့တွင် တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကာ ညနေ ၆ နာရီဝန်းကျင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာနေစဉ် သံချပ်ကာ အမြှောက်ကားက ပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ကရင်နီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ရကြောင်း စစ်မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် နေ့လယ် ၁ နာရီဝန်းကျင်တွင် သံချပ်ကာအမြှောက်ကား ၂ စီး၊ အကြမ်းဖက်စစ်သား ၁၀၀ ဝန်းကျင် စစ်ကူခေါ်ခဲ့ပြီးနောက် ထပ်မံ အထိနာခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDFက ထုတ်ပြန်ထားသည်

စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲပြီးနောက် လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေ ၅နာရီ ဝန်းကျင်၌ လေယာဉ်(၂) စီးဖြင့် (၇) ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်များလည်း ထိခိုက်၊ ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကို ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူရဲဘော်များတွင် မိုးဗြဲ PDF မှ ရဲဘော် (၇)ဦး ကျဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ရှေ့တန်းစစ်မြေပြင် ကယ်ဆယ်ရေး ဆရာဝန်တစ်ဦး ကျဆုံးခဲ့ပြီး မိုးဗြဲ PDF ကယ်ဆယ်ရေးကား(၁) စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အခြား မဟာမိတ်တပ်ဖွဲ့အချို့မှ ပြည်သူ့ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော် PDF ၏ ထုတ်ပြန်ချက်တွင်လည်း စစ်တပ်ဘက်မှ ကျဆုံးမှု အလွန်များပြားသကဲ့သို့ ပြည်သူ့ ကာကွယ်ရေးတပ်မှ ရဲဘော်များလည်း ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ ယနေ့ နံနက်ခင်း အချိန်တွင်လည်း ဝါရီဆူးဖလ်ိုင်ရွာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

KGZ ကလည်း ၎င်းတို့ တပ်သားများအသင့်အနေထားဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၁ သေဆုံးပြီး ၅ ဦးခန့်ဒါဏ်ရာရရှိခဲ့သဖြင့် စစ်ကောင်စီဘက်က လက်နက်ကြီးအလွန်ကျွံသုံးလာကြောင်း၊ (KGZ) တပ်သားများပြန်လည်ဆုတ်ခွါခဲ့ရာတွင် လက်နက်ကြီးထိမှန်သူနှစ်ဦးရှိပြီးဆေးခန်းရှိရာသို့ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်း-ကရင်နီအစပ် ပြည်နယ်ခြားမျဉ်းပေါ်ရှိ ဝါရီဆူးပလိုင်ကျေးရွာကို ယနေ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကာ နေအိမ်များကို မီးတင်ရှို့နေကြောင်း၊ ယနေ့နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။

အဆိုပါ ဝါရီဆူးပလိုင်ကျေးရွာသည် မိုးဗြဲ-နန်းမယ်ခုံ ကားလမ်းပေါ်တွင်တည်ရှိပြီး မိုးဗြဲမြို့ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဝါရီဆူးပလိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း၊ ကျေးရွာအတွင်းရှိ အိမ်များသည် ပူးကပ်ဆောက်လုပ်ထားခြင်းကြောင့် နေအိမ်မည်မျှ မီးလောင်ပျက်စီးနေသည်ကို ခန့်မှန်း၍ မရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ဝါရီဆူးပလိုင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးကာ ဒေသခံ ၁ ဦး အသက်ဆုံးရှုံးခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း သံချပ်ကာအမြှောက်ကား ၂ စီးပျက်စီးသွားကြောင်း၊ စစ်သားသေဆုံးမှု များပြားကြောင်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံများ- လွိုင်ကော် PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article