26 C
Yangon

သံတွဲတွင် စစ်ကောင်စီက ဖမ်းဆီးထားသော မငြိမ်းအိဖြိုးကျော်၏ ၂ နှစ်အရွယ် သမီးငယ်ရွှေရည်ဝင်း အကျဉ်းထောင်အတွင်း ချွဲပိတ် ကွယ်လွန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် စစ်တပ်က မတရားစွပ်စွဲ ဖမ်းဆီးထားသော မငြိမ်းအိဖြိုးကျော် ၏ ၂ နှစ်အရွယ် သမီးငယ် မရွှေရည်ဝင်းမှာ သံတွဲအကျဉ်းထောင်တွင် ယမန်နေ့ညပိုင်းအချိန် ကွယ်လွန်သွားကြောင်း မိသားစုနှင့်ဒေသခံများထံမှ သိရှိရသည်။

လွန်ခဲ့သည့် သုံးလကျော်ခန့် သံတွဲမြို့တွင် စစ်တပ်က အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မငြိမ်းအိဖြိုးကျော်လည်း အပါအဝင် ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော မငြိမ်းအိဖြိုးကျော်တွင် ၂ နှစ်ကျော်အရွယ် သမီးလေးတစ်ယောက်ပါရှိခဲ့ပြီး အဆိုပါ ကလေးငယ်လည်း မိခင်နှင့်အတူ သံတွဲအကျဉ်းထောင်အတွင်း အတူရှိနေစဉ် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ကလေးငယ် မရွှေရည်ဝင်းသည် ယမန်နေ့ ည ၁၁ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ပိုင်းတွင် မိသားစုဝင်များကို အကြောင်းကြားလာကြောင်း သိရှိရသည်။

“သူ့အမေအဖမ်းခံရတော့ ကလေးကို အိမ်မှာ အဖေနဲ့ထားသေးတယ်။ ဒါပေမဲ့ ကလေးက အမေဆီပဲသွားချင် နေတော့ သူစိတ်ချမ်းသာအောင် သူ့အမေဆီပို့ထားရင်းက အခုလိုဖြစ်သွားတာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကွယ်လွန်သူ ကလေးငယ် မရွှေရည်ဝင်းသည် မွေးရာပါ စအိုမပါသည့် ကျန်း မာရေးအခြေအနေကြောင့် ခွဲစိတ်မှု ပြုလုပ် ထားရသည့် ကလေးငယ်တစ်ဦးဖြစ်ပြီး အကျဉ်ထောင်အတွင်း အနေဆင်းရဲ၊ အစားဆင်းရဲခြင်းနှင့် ရာသီဥတု ချမ်းအေးသည့်ဒဏ်ကြောင့် ယခုကဲ့သို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကလေးက ညဘက်ဆို မအိပ်နိုင်လို့ ငိုတယ်။ အဲဒါ ငိုရမလားဆိုပြီး ထောင်ဝန်ထမ်းတွေက သူ့အမေကို ဆဲတာ၊ ဆူတာလုပ်တယ်။ ကလေးကို သီချင်းဆိုသိပ်ပြန်တော့လည်း ထောင်ထဲမှာ သီချင်းမဆိုရဘူးဆိုပြီး တားမြစ်တယ်။ အခုကလေးကို ဆေးရုံမှာ ရင်ခွဲကြည့်တော့ လည်ချောင်းမှာ ချွဲတွေပိတ်နေတာလို့ ဆရာဝန်ကပြောတယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မငြိမ်းအိဖြိုးကျော်အပါအဝင် အဖမ်းခံထားရသူအမျိုးသမီးသုံးဦးကို အပတ်စဉ် ကြာသာပတေးနေ့တိုင်း သံတွဲခရိုင် တရားရုံးတွင် ရုံးထုတ်လေ့ရှိသည်။

“လာမယ့်ရုံးချိန်းကို သွားတောင် မသွားချင်တော့ဘူး။ ရင်ထဲမကောင်းဘူး။ ဘယ် လိုမျက်နှာနဲ့ သူ့အမေကို ကြည့်ရမှာလဲ။ ကျမ သူ့အရှေ့မှာ ငိုမိလိမ့်မယ်” ဟု သေဆုံးသူ မရွှေရည်ဝင်း၏ အဖွားက ပြောဆိုသည်။

ကွယ်လွန်သူ မရွှေရည်ဝင်းကို ငပလီမြို့၊ မဇင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေဆုံးသူ ၂ နှစ်အရွယ် ကလေးငယ် မရွှေရည်ဝင်းကို သယ်ထုတ်လာစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article