26 C
Yangon

မြန်မာပြည် လက်ရှိအခြေအနေ သုံးသပ်ချက်များနှင့် ရှေ့ခရီးနည်းလမ်းများ ( အပိုင်း ၁)

Must read

By အီဂေါဗလာဇီဗစ်

မကြာခင်က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တင်ကြွကြွပါဝင်နေတဲ့ အစုအဖွဲ့နှစ်ခုနဲ့ စကားပြောဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကို သူတို့ဘယ်လိုမြင်သလဲ၊ ပြည်တွင်းမှာ အရေးကြီးတဲ့ ချိတ်ဆက်ပြောင်းလဲမှု ဒိုင်းနမစ်တွေက ဘာတွေဖြစ်မလဲဆိုတာကို နားထောင်ပါတယ်။ ကျွန်တော်နားလည်ထားတာတွေကိုလည်း မျှဝေပါတယ်။

ကျွန်တော်တင်ပြခဲ့တဲ့ အဓိကအချက်တွေကို အောက်မှာဖေါ်ပြလိုက်တယ်။ ပြောခဲ့သမျှတွေကို အခန်းခွဲပြီး နောက်၂ ရက် ၃ ရက်ဆက်ဖေါ်ပြသွားပါမယ်။
ပါဝင်မဲ့ အခန်းတွေက-

-မြန်မာပြည်အရေးမှာ ဘယ်သူတွေ အဓိကပါဝင်နေသလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဆန်းခြင်း

-အဓိကပါဝင်နေသူတွေရဲ့ အနေအထားနဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေက ဘာလဲ။

-လက်ရှိအခြေအနေက ဘယ်လိုရှိနေလဲ။

-မအလဟာ ဘယ်လိုအုပ်ချုပ်မှုမျိုး ဖန်တီးမလဲ။

-ရှေ့ခရီး ဘယ်လိုဆက်မလဲ။
—————————-

မြန်မာပြည်အရေးမှာ ဘယ်သူတွေ အဓိကပါဝင်နေသလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဆန်းစစ်ခြင်း

• စစ်အာဏာရှင်ကို တက်ကြွစွာဆန့်ကျင်နေတဲ့၊ ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုကို ရနေတဲ့ မဟာမိတ်အင်အားစုကြီး။

• နိုင်ငံအတွက် ပျက်ဆီးဆုံးရှုံးမှု ဘယ်လောက်ပဲကြီးကြီး အာဏာကိုရအောင်ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့၊ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွဲနေတဲ့ မအလ၊ စကစ နဲ့ တပ်မတော်။

• အမှန်တကယ် ပါဝင်တာမျိုးကို လက်ရှောင်ပြီး ပြဿနာကိုယ့်နယ်ထဲ မရောက်ရေး ကန့်သတ်ဖို့ ကြိုးစားတာမျိုးလောက်နဲ့ တူတူပုန်းတန်းကစားနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အင်အားစုများ။

• ကိုယ်ပိုင်နည်းလမ်းနဲ့ လွတ်လပ်ခွင့်ရရေး ဦးတည်လှုပ်ရှားနေတဲ့ လူမျိုးစုလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီများ။

• အင်အားနည်းတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဝင်ပါရင် အန္တရာယ်များမယ်လို့ တွက်ဆကြတဲ့အင်အားစုများ

• စစ်လည်းမဖြစ်- ငြိမ်းချမ်းတာလည်းမဟုတ်တဲ့ အခြေအနေကို ပိုသဘောကျတဲ့ အခြေအနေကြည့်နေတဲ့နိုင်ငံရေးနဲ့ လက်နက်ကိုင် အစုအဖွဲ့များ။
———————-

အဓိကပါဝင်နေသူတွေရဲ့ အနေအထားနဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေက ဘာလဲ။

၁။ စစ်အာဏာရှင်ကို တက်ကြွစွာ ခုခံဆန့်ကျင်နေကြတဲ့မဟာမိတ်အင်အားစုကြီး။

ဒီမဟာမိတ်အင်အားစုကြီး တည်ရှိနေဆဲဆိုတာကိုက ကြီးမားတဲ့ အောင်မြင်မှုပဲ။ ပိုလို့ထူးကဲတဲ့ အောင်မြင်မှုက ဒီမဟာမိတ်အင်အားစုကြီးဟာ မအလ နဲ့ စကစရဲ့ အာဏာသိမ်းမှုမအောင်မြင်အောင် တားဆီးထားနိုင်တာပဲ။ စတင်ဖြစ်တည်လာထဲကနေ ခုထိ အင်အားကြီးလာနေပေမယ့် ခြေကုပ်ယူထားတဲ့ စစ်တပ်ကို တွန်းချနိုင်တဲ့ အထိ အင်အားကြီးတာတော့ မဟုတ်သေးဘူး။

လူထုတော်လှန်ရေးဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူ့အစုအစည်း မျက်နှာစာတွေရှိကြတယ်။ အလွန်စုံလင်ကွဲပြားပြီး မတူညီတဲ့ ပါဝင်လှုပ်ရှားသူတွေရှိကြတယ်။

ဒီနွေဦးတော်လှန်ရေးမှာ တင်ကြွစွာပါဝင်ကြသူတွေဟာ ကြီးမားလှတဲ့ ဘေးရန်ကို ရင်ဆိုင်ကြသူတွေ၊ ထူးကဲလှတဲ့သတ္တိ၊ ခံနိုင်ရည်နဲ့ အင်အားကို ပြကြသူတွေဖြစ်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရက်တစ်မြန်မာပြည်ဆိုတဲ့ ဘုံရည်မှန်းချက် စီမံကိန်းမှာ သူတို့အားလုံးစုစည်းလာကြတယ်။

ဒီမဟာမိတ်အင်အားစုပြီးဟာ မျှော်လင့်ချက်အပြည့်နဲ့ ထူးကဲအားကောင်းတဲ့ တပြိုင်တည်းမှာ ထိလွယ်ခိုက်လွယ် တဲ့အခြေအနေတွေလည်းရှိနေတယ်။
အားကောင်းတယ်လို့ပြောရတာက အဆုံးစွန် ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်တပ်ကို ပြည်ပအထောက်အပံ့ရယ်လို့မယ်မယ်ရရ မရှိပဲ ရင်ဆိုင်ထားနိုင်တယ်။ စကစ အရေးနိမ့်နိုင်တဲ့ အခြေအနေဟာ ဒီမဟာမိတ်အင်အားစုကြီးကြောင့်ဖြစ်လာတာ။

ဒီမဟာမိတ်အင်အားစုကြီးဟာ မျော်လင့်ချက်အပြည့်နဲ့လို့ ပြောရတာက မြန်မာ့သမိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ဗမာတွေနဲ့ ဖယ်ဒရယ်လိုလားတဲ့ လူမျိုးစုတွေ ပထမဆုံးအကြိမ် ပေါင်းစည်းပြီး ထိရောက်တဲ့ စစ်အာရှင်ဆန့် ကျင်ရေး မဟာမိတ်အင်အားစုကို ဖန်တီးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီမဟာမိတ်အင်အားစုကြီးဟာ အနည်းအပါးမဟုတ်တဲ့ အောင်မြင်မှုတွေရအောင်လုပ်နိုင်ခဲ့တယ်။ သူတို့ဟာ အများဆိုင် အနာဂတ်နိုင်ငံတော်ကြီးရဲ့အသွင်အပြင်ကို ရုပ်လုံးဖေါ်ပြောဆိုနိုင်ခဲ့တယ်။ နိုင်ငံနယ်နမိတ်ထဲက မတူကွဲပြားတဲ့ လူမျိုးစုအစုံစုံနဲ့ အများသဘောညီဖြစ်မဲ့ နိုင်ငံတော်သစ်တည် ဆောက်ရေး အတွက် ဖြစ်နိုင်ချေရှိတဲ့ အခြေအမြစ်တွေကို သူတို့ချနိုင်ခဲ့တယ်။ ပင်လုံစာချုပ်က လွဲပြီး သမိုင်းမှာ ဒါမျိုးမရှိခဲ့ဘူး။

ဒီလိုမဟာမိတ်အင်အားစုကြီး ဘာလို့ ထိခိုက်နိုင်တဲ့ အခြေအနေ ရှိနေသလဲဆိုတော့ သူတို့ရင်ဆိုင်နေရတာကရက်စက်ယုတ်မာမှုမှာ ကမ်းကုန်၊အရပ်သားပြည်သူတွေကို အကြမ်းဖက်ရက်စက်ပြီး လူထုနဲ့ ခုခံရေးလှုပ်ရှားမှုကင်းကွာသွားရေး ဗျူဟာကို ကျင့်သုံးနေတဲ့ စစ်တပ်ဖြစ်လို့ပဲ။

ဒါ့အပြင် မဟာမိတ်အင်အားစုကြီးဟာ စစ်ရေးနဲ့ ငွေကြေး အပါအဝင် တခြားအရင်းအမြစ် ထိန်းချုပ်နိုင်စွမ်း နည်းလွန်းလှတာကြောင့် ထိလွန်ခိုက်လွယ်ဖြစ်နေတုန်းလို့ ပြောရပါမယ်။ ဒါ့အပြင် မဟာမိတ်ထဲမှာမှ ဗမာတွေရဲ့ရည်မှန်းချက်အစီအမံနဲ့ လူမျိုးစုတွေရဲ့ ရည်မှန်းချက် အစီအမံမှာ အခြေခံမတူညီမှုတွေ ရှိနေသေးတာကြောင့်အထိအခိုက်မခံဘူးလို့ ပြောရတာပါ။

တနည်းအားဖြင့်တော့ မလွဲမရှောင်သာ အနေအထားမျိုးပါ။ မဟာမိတ်ထဲက NLD ဟာ ဗမာ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊ လူမျိုးစုတွေကတော့ ကရင်( ၇ ရာခိုင်နှုန်း)၊ ကချင် ( ၁ ဒသမ ၅ ရာခိုင်နှုန်း)၊ ချင်း ( ၁ ဒသမ ၆ ရာခိုင်နှုန်း)၊ ကရင်နီ ( ၀ ဒသမ ၇၅ ရာခိုင်နှုန်း) အချိုးတွေဖြစ်နေတာကြောင့်ပါ။

ဒီလိုအချိုးအဆ မညီလှတဲ့ အခြေအနေမျိုးမှာ ဟန်ချက်မှန်မှန်နဲ့ ညီညွတ်နိုင်ဖို့က အတော်ခက်လှပါတယ်။ အတော်မြင့်မားတဲ့ နိုင်ငံရေးရင့်ကျက်မှု၊ စိတ်ရှည်တဲ့ အလယ်အလတ်ကျမှု၊ အပေးအယူရှာတတ်မှု၊ နှစ်လိုဖွယ် အမြင်ကျယ်မှု စတာတွေရှိတဲ့ ခေါင်းဆောင်မှုလိုအပ်လှပါတယ်။

စစ်အာဏာရှင်စနစ်က ရည်ရွယ်ချက် ရှိရှိ ခွဲခြားကွဲပြားနေရေး မူဝါဒတွေကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့ စိတ်ဒဏ်ရာဖြစ်ရတဲ့ အတိတ်သမိုင်းတွေရဲ့ ဝန်ထုတ်ဝန်ပိုးတွေကလည်း ရှိနေပါတယ်။ အချိုးအစားမညီတဲ့ ဖွဲ့စည်းပုံကို အဲဒီအခြေအနေတွေကြားထဲကနေ ဟန်ချက်ရှာဖို့ခေါင်းဆောင်တွေက ကြိုးစားရမှာ ဖြစ်ပါတယ်။

၂။ မင်းအောင်လှိုင်နဲ့ စကစ

စကစ( စစ်အာဏာရှင်)ဟာ “ခံတပ်ဗျူဟာ” နဲ့သွားဖို့ ကတုတ်တူးနေကြပြီ။ ပြည်သူတွေအပေါ် အကြမ်းဖက် အဖျက်စစ်ပွဲ ဆက်ဆင်နွဲဖို့၊ အားလုံးပျက်ပြုန်းရေးစစ်ပွဲမှာ နောက်ဆုံးကျန်သူဟာ ကိုယ်ဖြစ်ဖို့ သံဒိဌာန်ချထားကြပြီ။ပြည်ပဖိအား အနည်းအပါးနဲ့ မက်လုံးပေးတာတွေကို လစ်လျူရှူမှာပါပဲ။

မအလနဲ့ စကစဟာ ဘာအပေးအယူလုပ်ဖို့မှ အဆင်သင့် မဖြစ်ဘူး။ အကြွင်းမဲ့အောင်ပွဲကိုပဲ သူတို့အာရုံစိုက်တယ်။ဆီးရီယားမှာ အာဆတ်လုပ်ခဲ့သလို လုပ်ဖို့ သူတို့ အဆင်သင့်ပဲ။ တိုင်းပြည်စီးပွါးရေးနဲ့ နယ်မြေအများစုပျက်စီးသွားပါစေ အပြင်းထန်ဆုံး ရက်စက်မှုတွေလုပ်ဖို့ အဆင်သင့်ရှိတယ်။ ရွာတွေကို မီးရှို့မယ်၊ မြို့တွေကိုဖျက်ဆီးမယ်။ဒုက္ခသည် သန်းဂဏန်းဖြစ်လဲ သူတို့ဂရုမစိုက်ဘူး။

ဘယ်သူမှ စိန်ခေါ်မရတဲ့ အာဏာရှိထားဖို့ပဲ အဓိက။ ဝင်ငွေလမ်းဖြစ်တဲ့ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်၊ ကျွန်းသစ် နဲ့ တခြားသယံဇာတတွေ ထိန်းထားနိုင်ရေးပဲ အရေးကြီးတယ်။

၃။ နိုင်ငံတကာနှင့် ဒေသတွင်းအင်အားစုများ

မြန်မာပြည်အရေးမှာ စစ်တပ်ကိုပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တော်လှန် ရေးဘက်ကနေ ထိထိရောက်ရောက်ပါဝင်ပေးမဲ့သူ တယောက်မှ မရှိဘူး။ သက်ဆိုင်ရာ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့တွေဟာ မြန်မာပြည် အကြပ်အတည်း ဖြေရှင်းရေးထက် ပြဿနာတွေကိုယ့်ဆီရောက်မလာအောင် ကန့်သတ်ထားနိုင်ဖို့ပဲ စိတ်ဝင်စားတယ်။

ဖြေရှင်းဖို့ဆိုရင် တခုမဟုတ် တခု ရွေးရမဲ့ အခြေအနေ နှစ်ခုရှိတယ်။ အခြေအနေတခုက စကစဘက်ကနေပြတ်ပြတ်သားသားရပ်တည်တာ၊ စကစမြန်မြန်နိုင်ဖို့ ကူညီတာ။ ရှက်စရာကောင်းလွန်းလို့ အဲဒီလို ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဒေသတွင်းက ဘယ်နိုင်ငံမှ စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေ ရာဇဝတ်မှုတွေနဲ့ ထင်ထင်လင်းလင်းဆက်စပ်နေတာမျိုး မဖြစ်ချင်ကြဘူး။

မြန်မာပြည်သူတွေထက် နိုင်ငံတကာမှာရှိမဲ့ ကိုယ့်ပုံရိပ်နဲ့ အပျော့ထည်ပါဝါကို ဂရုစိုက်ကြတယ်။

တခြားတဘက်မှာတော့ အိမ်နီးချင်းနဲ့ ဒေသတွင်းဘယ်နိုင်ငံကမှ NUG တို့၊ လူထုလှုပ်ရှားမှုတို့ဘက်က တက်တက်ကြွကြွ မရပ်တည်လိုကြဘူး။ ဘာ့ကြောင့်လည်းဆိုတော့ စစ်တပ်ဟာ “သိပ်အားကြီးတယ်”လို့ ယုံကြည်နေကြလို့ဖြစ်တယ်။ “စစ်တပ်ကို အာဏာလက်လွတ်အောင်တွန်းချနိုင်မဲ့အရာ မရှိဘူး”၊ “လူထုတော်လှန်ရေး နိုင်စရာ မရှိဘူး” လို့ သူတို့တွေ ယုံကြည်နေကြတယ်။

တော်တော်များများကလည်း “တပ်မတော်က ဖယ်လို့မှ မရတာ”လို့တွေးကြတယ်။ တပ်မတော်သာမရှိရင် အုပ်ချုပ်မရတဲ့ အကြွင်းမဲ့ ဖရိုဖရဲထဲကို တိုင်းပြည်သက်ဆင်းမယ်လို့တွေးကြတယ်။ ရက်စက် ကြမ်းကြုတ် ရုပ်ဆိုးလှတဲ့ စစ်အာဏာရှင်စနစ်နဲ့ သူ့ထက်ပို အပျက်အစီးများတဲ့ အုပ်စုကွဲအလွှာစုံ( အချင်းချင်း ခုလက်တွဲ၊ ခုပြန်ချ) ပြည်တွင်းစစ်။

ဒီနှစ်ခု ကြားထဲမှာ တခုကိုရွေးရမလို ဖြစ်နေတာက အခြေအနေမှန်ပဲလို့ သူတို့ယူဆကြတယ်။ ဒီလိုဆိုရင်တော့ တည်ငြိမ်မှု မြန်မြန်ယူပေးမဲ့ စစ်အာဏာ ရှင်စနစ်ကို သူတို့ပိုကြိုက်တာပေါ့။ ဒါမှ မြိုးမြိုးမျက်မျက်ရှိလှတဲ့ စီးပွါးရေးတို့၊ သံတမန်ရေးတို့၊ လူသားချင်းစာနာမှု အကူအညီတို့၊ ဖွံ့ဖြိုးရေးစီမံကိန်းတို့ လုပ်လို့ရမှာကိုး။ ပြည်တွင်းစစ်ရှည်နေရင်က လုပ်မရနိုင်ဘူတွေးကြတယ်။

မြန်မာပြည်ကို ဒီနည်းနဲ့ စဉ်းစားချည်းကပ်နေတဲ့ ဖိအားအကြီးအသေးတွေပေးနိုင်တဲ့ နိုင်ငံတွေက တရုတ်၊ အန္ဒိယ၊ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျပန်နဲ့ ဩစတေးလျနိုင်ငံတွေပါပဲ။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေက အာဆီယံကို တခြားလမ်းနဲ့ သွားစေချင်ပေမဲ့ စကစ အသက်ရှည်မဲ့ဘက်မှာ အလောင်းအစားလုပ်ထားကြတဲ့ နိုင်ငံတွေဘက်က အလေးချိန်ပိုစီးနေတယ်။

အမေရိကန်က အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို အတော်အတန်ထောက်ပံ့ဖို့၊ မြန်မာပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ သူကလည်း မြန်မာပြည်ကို ပထဝီနိုင်ငံရေးကြားက တရုတ်နဲ့အမေရိကန်ရဲ့ တဆင့်ခံစစ်မျက်နှာ မဖြစ်စေလိုဘူး။

ဒါကြောင့် ခုထက်ပိုပြီး တက်တက်ကြွကြွပါဝင်ဖို့ကို လက်တွန့်နေတယ်။ အမေရိကန်မူဝါဒရေးရာသမားတွေက မြန်မာပြည်မှာ တရုတ်ရဲ့ အကျိုးစီးပွါးနဲ့ သက်ရောက်နိုင်မှုပိုကြီးတာကို အသိအမှတ်ပြုကြတယ်။ ဒါ့အပြင် အမေရိကန်ဟာ သူတို့အတွက် ပိုအရေးကြီး အရေးပေါ်တယ်လို မြင်တဲ့ကိစ္စတွေနဲ့လည်း ရှုပ်နေတယ်။

၄။ အင်အားနည်းတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဝင်ပါရင် အန္တရာယ်များမယ်လို့ တွက်ဆကြတဲ့အင်အားစုများ

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွ ဝင်ပါချင်ပေမဲ့၊ ငါတို့ကအားနည်းတယ် အထိအခိုက်မခံဘူး၊ အခွင့်သာတဲ့ အနေအထားအထိစောင့်ပြီးမှ အာဏာရှင်ဆန့်ကျင်ရေးမှာ တတ်နိုင်တာပါမယ်လို့ တွေးတဲ့ လှုပ်ရှားသူတွေ၊ လူမှုအစုအဖွဲ့တွေရဲ့ အရည်အတွက်ကလည်း မနည်းလှဘူး။

စစ်အာဏာရှင်အားနည်းသွားတဲ့ အချိန်မှာ စကစနဲ့ အာဏာရှင်ဒေါက်တိုင်တွေကို ဖိအားပေးမဲ့ ထုထည်ကြီးတဲ့ အရံအင်အားဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူတို့ဟာ သတိထားစောင့်ကြည့်နေတဲ့ အနေအထားမျိုး၊ နောက်ကွယ်ကနေ လှုပ်ရှားမှုအုပ်စုတွေနဲ့ တိုးတိုးတိတ်တိတ် စကားပြောတာမျိုးတွေပဲ လုပ်နေတယ်။ ဘယ်အချိန်မှာ၊ ဘယ်လိုနည်းနဲ့ အတော်အတန်သော အကူအညီတွေပေးမလဲဆိုတာက မသိနိုင်ကြသေးဘူး။

၅။ ကိုယ်ပိုင်နည်းလမ်းနဲ့ လွတ်လပ်ခွင့်ရရေး ဦးတည်လှုပ်ရှားနေတဲ့ လူမျိုးစုလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီများ။

စစ်အာဏာရှင်နဲ့ လက်မတွဲချင်၊ စစ်အာဏာရှင်ကို ရန်သူလို့ပဲ မြင်ပေမဲ့၊ လူထုလှုပ်ရှားမှုရဲ့ မြန်မာပြည်သစ် စီမံကိန်းကြီးမှာလည်း မပါချင်တဲ့ အရေးကြီးတဲ့ အင်အားစုတွေ ရှိနေပါတယ်။

သူတို့ရဲ့ အခြေခံမဟာဗျူဟာ စဉ်းစားချက်က စစ်အာဏာရှင်အောက်က ဆိုးယုတ်တဲ့ တပြည်ထောင်စီမံကိန်းကိုဆန့်ကျင်တယ်။ အလားအလာရှိတဲ့ “ ဖယ်ဒရယ် ဒီမိုကရက်တစ် မြန်မာပြည် စီမံကိန်း” ကိုလည်း ငြင်းဆိုတယ်။ သူတို့ရဲ့ အကြွင်းမဲ့ ရည်မှန်းချက်က အာဏာရှင်အောက်မှာ အတင်းအကျပ် တပြည်ထောင်စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်လိုတာလဲ မဟုတ်၊ ဖယ်ဒရယ် ဒီမိုကရက်တစ်မြန်မာပြည်ရဲ့ အစိတ်အပိုင်း ဖြစ်ချင်တာလဲ မဟုတ်ဘူး။

အများဆိုင်ဘုံစီမံကိန်းတွေမှာ သူတို့တက်တက်ကြွကြွ မထည့်ဝင်ချင်ဘူး။ အားလုံးက မရပ်မနားသွားနေတဲ့ ပဋိပက္ခမှာအလုပ်ရှုပ်နေကြတုန်း ကိုယ့်ရဲ့ လတ်တလော လွတ်မြောက်မှုကို ပိုနက်ရှိုင်း၊ ပိုကျယ်ပြန့်အောင်လုပ်ဖို့ သူတို့တွေဗျူဟာကျကျ လှုပ်ရှားကြတယ်။

လက်ရှိအကျပ်အတည်းကို အသုံးချကြတယ်။ ဒါမှ စစ်အာဏာရှင်နဲ့ လူထုလှုပ်ရှားမှုရဲ့ သေရေးရှင်ရေး ပဋိပက္ခမှာ ဘယ်သူပဲနိုင်နိုင် အားရှိတဲ့ အနေ အထားကနေ ညှိနှိုင်းလို့ ရမယ်လို့တွေးကြတယ်။

၆။ အကျိုးစီးပွါး ပြည်သူ့စစ်များ

စစ်မရှိ- ငြိမ်းချမ်းရေးလည်း မရှိအနေအထားကနေ အကျိုးအမြတ်ရနေတဲ့ နိုင်ငံရေးအုပ်စုတွေ လက်နက်ကိုင်အုပ်စုတွေ မြန်မာပြည်မှာ အတော်အတန်ရှိကြတယ်။ တချို့က လူမျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာအခြေတည်ပြီး မာဖီးယားလက်နက်ကိုင်အဖွဲ့တွေလိုမျိုး ပြောင်းလာကြတယ်။ တချို့က မူးယစ်တေးဝါး၊ သစ်ခိုးထုတ် စတဲ့ တရားမဝင်စီးပွါးရေး လုပ်ငန်းတွေကနေ ဆင်းသက်လာကြတယ်။

သူတို့တွေ အာဏာရှင်ဆန့်ကျင်ရေးမှာ မပါချင်ကြတာကတော့ အံ့အားသင့်စရာ မရှိပါဘူး။ ငြိမ်းချမ်းတဲ့ တရားဥပဒေစိုးမိုးတဲ့ ပုံမှန်နိုင်ငံမှာဆိုရင် သူတို့အကျိုးစီးပွါးနဲ့ ရပ်တည်ရေး ရေရှည်တည်မြဲစရာ မရှိပါဘူး။သို့သော်လည်း စစ်အာဏာရှင်နဲ့ ပေါ်ပေါ်ထင်ထင်လည်း လက်မတွဲလိုကြဘူး။ သူတို့ရဲ့ တရားဝင်မှု အလွှာပါးပါးလေးက လူမျိုးစုတွေကို ကာကွယ်မှာဆိုတာမျိုးနဲ့ လုပ်ယူထားကြတာကြောင့်ပါ။
——————
နောက်အခန်းများတွင်
-လက်ရှိအခြေအနေ
-မအလ ဖန်တီးနိုင်မယ့် အစိုးရက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။-ရှေ့ဘယ်လိုဆက်ကြမလဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article