ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတူးဖော်လုပ်ကွက်တစ်ခုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရှော့တိုက်လက်နက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မုံရွာအခြေစိုက် Monywa Red Fire PDFက ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့၏ ဇနီးများ ဆွေမျိုးများနှင့်သားသမီးများကို ခိုလှုံခွင့်ပေးထားသဖြင့် ယင်းသို့ သတိပေးပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပစ်တာက မနေ့က ပစ်တာပါ။ ဝမ်ပေါင်မှာ စစ်ခွေးတွေရဲ့ ကတော်တွေ၊ သားသမီးတွေ လက်ခံထားတယ်လို့ကြားတယ်။ အဲဒါကြောင့် သတိပေးပစ်ခတ်တာပါ။ အဲဒီအနားမှာ စနိုက်ပါတွေရှိတယ်ဆိုလို့ ကျနော်တို့ လည်းပြန်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ထိခိုက်မှု ရှိ၊ မရှိ မသိသေးဘူး” ဟု Monywa Red Fire PDFက ပြောဆိုသည်။