ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရှိ လိုဘာခိုကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ကြောင်း သတင်းရရှိသည်။
လိုဘာခိုကျေးရွာတွင် စစ်ရှောင်ပြည်သူများလာရောက် တိမ်းရှောင်နေကြပြီး ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။
“နံနက် ၁ နာရီ ၁၅ မိနစ်မှာ ဗုံးလာကျဲတယ်၊ ထိခိုက်မှုအခြေအနေတော့ စုံစမ်းရသလောက် မရှိဘူးလို့ ပြောတယ်။ အဲဒီရွာမှာက စစ်ရှောင် ၂,၀၀၀ လောက်ရှိတယ်၊ ဒီးမော့ဆို-လွိုင်ကော်လမ်းကိုလည်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်လိုက်တယ်၊ စစ်ရှောင်တွေကို ပေးမဖြတ်တော့ဘူး” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
လိုဘာခိုကျေးရွာသည် ဒီးမော့ဆို-ဆီဘူး-ယာဒို-တောင်ငူ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိကာ လက်ရှိ ကရင်နီပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေချိန် ကရင်ပြည်နယ် ယာဒို စစ်ကောင်စီဂိတ်က ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓါတ်ပုံ – လိုဘာခိုကျေးရွာ (ပုံအဟောင်းဖြစ်ပါသည်)