27 C
Yangon

နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို သိန်း ၄၉၀၀ သိန်းတန် မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသော်လည်း စစ်တပ်ပြန်ခေါ်သွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် နေပြည်တော် လေကြောင်းရန် ကာကွယ် ရေးတပ်က ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် လိန်းလီကြိုးတံတားထိပ်တွင် ငွေကျပ် ၄၉၀၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိကြောင်း Myanmar Police CDM Channel က လျှို့ဝှက်ရဲကြေးနန်းကို ဖော်ပြ၍ သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးခံရသူ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့သည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် ပင်လောင်းမှ ပေါင်းလောင်းသို့ YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ လကတ ၂၀၃၂ ၊ တပ်ကုန်းမြို့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး လက်နက်စနစ် တာဝန်ခံဖြစ်ကာ ဗိုလ်ကြီး ကျော်ပြည့်ဖြိုးသည် TWS-ရေဒါ တာဝန်ခံ ဗိုလ်ကြီးဖြစ်ကြောင်း သိရှိရသည်။

နမ့်စန်မှ မအိဆိုသူနှင့် ဆက်သွယ်ပြီး မူးယစ်ဆေးဝါးများကို နေပြည်တော်သို့ ငွေကျပ် ၅၀ သိန်းဖြင့် အခကြေးငွေယူကာ ပို့ဆောင်ပေးခြင်းဖြစ်ကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မအိမှတစ်ဆင့် အမျိုးသား၂ ဦးထံမှ နမ့်စန်မြို့ပြင် စစ်ဆေးရေးဂိတ်အကျော်တွင် မူးယစ်ဆေးဝါးများ လက်ခံရယူပြီး နေပြည်တော်သို့မောင်းနှင်ထွက်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ ၂ ဦးကို ရဲအုပ် ထွန်းမြတ်ဦးမှ တရားလိုပြုလုပ်ကာ အမှု ဖွင့်လှစ်ထား သော်လည်း စစ်သားများဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဆိုကာ လွှဲပြောင်းရယူထားပြီး ၎င်းတို့ ၂ဦးသည် မူးယစ်ဆေးဝါးများ‌ ရောင်းချရန် သယ်ဆောင်ခြင်းကို အထက်အဆင့်ဆင့်၏ သိရှိခွင့်ပြုချက်ဖြင့် ခရီးသွားလာခြင်း မျိုးဖြစ်‌နေသည်ကို စိစစ်တွေ့ရှိရပြီး တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ပြည်သူ့ဝန်ထမ်း၏ ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များအားအသုံးချခဲ့သည်ကို ထင်ရှားစွာပေါ်လွင်နေကြောင်း Myanmar Police CDM Channel က သုံးသပ်ထားသည်။

ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို မန်း-ကမ္ဘောဇ(၄)အထူးစစ်ဆင်ရေးစီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၂၆) ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ(၄)မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း) တို့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article