28 C
Yangon

ချင်းပုန်းရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားသတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းတွေ့ရှိ၊ ဆိုင်ကယ် အစီးရေ ၅၀ ဝန်းကျင်နှင့် ကား ၅ စီးခန့် မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းပုန်းရွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်စီးရေ ၅၀ ဝန်းကျင်နှင့် ကားကြီး ကားလေး ၅ စီးဝန်းကျင်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ၎င်းတို့ သတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“၂၆ ရက်နေ့တုန်းက PDF သင်တန်းဆင်းပွဲကို ဆိုင်ကယ်တွေ ကားတွေနဲ့ လာကြတာ ။ အဲဒီ ဆိုင်ကယ်တွေ ကားတွေ အားလုံးကို ဒီနေ့ မနက်မီးရှို့သွားတယ်။ သူတို့ ၂၆ ရက်နေ့က သတ်ထားတဲ့ အလောင်းတွေကိုတော့ ဒီအတိုင်း ထားခဲ့တယ်” ချင်းပုန်းရွာ ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် ပြည်သူများ အပါအဝင် ၇ ဦးခန့်၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း၊ သေဆုံးသွားသူများထဲမှ ချင်းပုန်းကျေးရွာမှ ဦးအောင်မောင်း ၊ ပန်းပထုံးရွာမှ ကိုထွန်းထွန်းနှင့် ကိုမျိုးညွှန့်တို့ကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး PDF ဝတ်စုံဝတ်ထားသူတစ်ဦးနှင့် ကျန်သူများကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

“အလောင်းတွေကို သူတို့ စတည်းချသွားတဲ့ ဘုန်းကြီးကျောင်း ရေကန်နား ရယ်၊ မူကြိုကျောင်းထဲက ၆ လောင်းတွေ့ခဲ့တာ။ သူတို့က ၂၆ ရက်နေ့တုန်းက ရဟတ်ယာဉ်နဲ့ လူလာချသွားတယ်။ PDF ဝတ်စုံ ဝတ်လာပြီးတော့မှ ။ သူတို့က PDF ဝတ်စုံပေါ်မှာ ကျဉ်ကာပါတယ်လို့ ပြောတယ်။ PDF သင်တန်းဆင်းပွဲ ဖြစ်တော့ သူတို့က PDF နဲ့ ပုံမှားရိုက်တဲ့အခါ တချို့ PDF ကလေးတွေက ကိုယ့်လူထင်လို့ မပြေးတာလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက အကြမ်းဖက် စစ်ကောင်စီ၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတ်ဖြတ်ခဲ့မှုကို ပြန်ပြောင်းပြောပြသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချင်းပုန်းကျေးရွာတွင် ပြုလုပ်သည့် PDF သင်တန်းဆင်းပွဲသို့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့များ ရဟတ်ယာဉ်များနှင့် လာရောက် ပစ်ခတ်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး မီးလောင် ပျက်စီးသွားခဲ့ပြီး ချင်းပုန်းရွာရှိ နေအိမ် ၄ လုံးကိုလည်း မီးရှို့ခဲ့ကာ ချင်းပုန်းကျေးရွာ မူကြိုကျောင်းရှိ ကလေးငယ် ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article