ရန်ကုန်၊ မတ် ၄
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့သည် လောင်းရှည်ကျေးရွာတွင် ညအိပ်ပြီးနောက် မတ်လ ၃ ရက် မနက်တွင် ဆောမြို့ဘက်သို့ ထွက်ခွာလာစဉ် ကြသောင်းတောင်ကြောတွင် လောင်းရှည် PDF က မိုင်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ အထိနာကြောင်း လောင်းရှည် PDF က သတင်းထုတ်ပြန်သည်။
လောင်းရှည်ကျေးရွာမှ ယမန်နေ့ နံနက် ၈ နာရီတွင် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို နံနက် ၉ နာရီခန့်တွင် တောင်ဘို့ကြီးရွာအလွန် ကြသောင်းတောင်ကြောတွင် လောင်းရှည် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။
ယင်းနောက် လောင်းရှည် PDF က လက်နက်ကြီးများဖြင့် ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကားများ ထိခိုက်ပျက်စီးနိုင်ပြီး စစ်သားများ အော်ဟစ်ဆဲဆိုသံကို ကြားရကြောင်း လောင်းရှည် PDF က ဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန် ၈ နာရီခန့် ကြာမြင့်ပြီး လောင်းရှည် PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်သားသေဆုံးဒဏ်ရာရမှု စာရင်းကို ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် ဆော-လောင်းရှည် လမ်းပိုင်းကို အသွားလာမပြုလုပ်ကြရန် လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။