ရန်ကုန်၊ မတ် ၄
ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ်တွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် ချစားမှုတိုက်ဖျက်ရေးအဖွဲ့က ယမန်နေ့ မတ်လ ၃ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ် ၄ နေရာတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် သေနတ်မျိုးစုံ ၄၀ လက်ကျော်ကို ဖမ်းမိကြောင်း မယ်ဆိုင်သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးရမိသူများသည် ‘King Nonthaburi’ အမည်ဖြင့် ငွေကြေးခဝါချမှုများ၊ မူးယစ်ကုန်ကူးမှုများ ရှိနေကြောင်းနှင့် မယ်ဆိုင်၊ ချင်းရိုင်း၊ မဲဆောက်မှ တဆင့်မြန်မာနိုင်ငံသို့ ပို့ဆောင်သည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ထိုင်းသတင်းတွင် ရေးသားထားသည်။
ဖမ်းဆီးခံထားရသူများသည် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များတွင် မူးယစ်ကုန်ကူးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း သိရှိရပြီး၊ ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများအကြောင်း အသေးစိတ် ရေးသားထားခြင်း မရှိသေးပေ။
ဖမ်းဆီးခံထားရသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်းကို ထုတ်ပြန်ထားခြင်းမရှိဘဲ ယနေ့တွင် တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – Maesaipress