ရန်ကုန်၊ မတ် ၆
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ကြား ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်သား ၄၁ ဦးသေဆုံးကာ ၅၀ ဦးခန့် ဒဏ်ရာရကြောင်း၊ CNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း CNDF က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်များအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကလေးမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း၊ CNDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ ၁၁ ရက်နေ့တွင် ပါရ်သဲကျေးရွာ၌ စစ်ကောင်စီတပ်နှင့် CNDF တို့ တိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ထင်းရှူးစခန်းတိုက်ပွဲတွင် မိုင်းပဒေသာမိကာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် ဖလမ်းမြို့တနေရာတွင် CNDF ရဲဘော်တဦး မိုင်းမတော်မဆပေါက်ကွဲကာ ကျဆုံးသွားကြောင်း၊ ၂၅ ရက်နေ့တွင် ထင်းရှူးစခန်း၌ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ ၁၁ ဦးခန့် ဒဏ်ရာရကြောင်း၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာကြား ဖေဖေါ်ဝါရီလ ၂၈ ရက်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CNDF က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီလ ၇ ရက် ကလေးမြို့နယ်အတွင်း တိုက်ပွဲနှင့် ဖေဖေါ်ဝါရီလ ၂၈ ရက် လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်ကို CNDF နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CNDF တပ်ဖွဲ့ဝင်များ