32 C
Yangon

တောင်ကြီးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိထားသော စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဝဏ္ဏမောင်လွင်သားပိုင် လင်းသီဟ ကုမ္ပဏီက ဓာတ်အားခများ ပိုမိုကောက်ပြီး ပြည်သူများကို ဒုက္ခပေးနေ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသော လင်းသီဟကုမ္ပဏီသည် ဒေသခံပြည်သူများထံမှ လျှပ်စစ်ခများကို ကျသင့်သည်ထက် ပိုမိုကောက်ခံနေသည့်အပြင် ဒဏ်ကြေးငွေများကို အဆမတန် တောင်းခံနေခြင်းကြောင့် ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

အဆိုပါ လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှုကုမ္ပဏီလီမိတက်သည် စစ်တပ်နှင့်ဆက်နွယ်နေသောကုမ္ပဏီဖြစ်ပြီး ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းအဖြစ် တာဝန်ယူခဲ့သူ ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီသည် ၂၀၁၆ ခုနှစ်မှစတင်ကာ တောင်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

လက်ရှိတွင် ကုမ္ပဏီသည် လျှပ်စစ်သုံးစွဲခများကို ကောက်ခံရာ၌ အမှန်တကယ် သုံးစွဲသည့် ယူနစ်ထက် ပိုမိုတိုးမြှင့်ဖော်ပြကာ ဒေသခံများထံမှ ငွေကြေးပိုမိုရယူနေသည်ဟု ပြည်သူများနှင့်တောင်ကြီးလျှပ်စစ်ဝန်ထမ်းတချို့က ပြောဆိုကြသည်။

တောင်ကြီးလျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးက “သူတို့က မီတာခဆိုရင်လည်း ကျသင့်တာထက် ယူနစ်ကို ပိုပြီး တိုးကောက်တယ်။ ယူနစ်က ၅၀ ဆိုရင် တစ်ဈေး၊ ၁၀၀ ဆိုရင် တစ်ဈေး၊ ၁၀၀ အထက်ဆိုရင် တစ်ဈေး အဲလိုရှိတော့ ယူနစ်တိုးလိုက်တာနဲ့ အမျှ ဈေးက အလိုလို တက်လာတယ်။ ခု ဖြစ်နေတာက EPC ဌာနက မဟုတ်ဘူး၊ ကုမ္ပဏီက ဗိုလ်မှူးဟောင်းက ခြယ်လှယ်နေတာ။ လူကြီးပိုင်တဲ့ ကုမ္ပဏီဆိုတော့ ဌာနက လူကြီးတွေကလည်း မပြောရဲကြဘူး။ ခု ရှမ်းအစိုးရကလည်း ဝဏ္ဏမောင်လွင်ရဲ့သား ကုမ္ပဏီဆိုတော့ ကြောက်ပြီး ပြောရဲမှာ မဟုတ်ဘူး။”ဟု ပြောဆိုသည်။

လင်းသီဟ ကုမ္ပဏီ၏ တောင်ကြီးရုံး တာဝန်ခံဖြစ်သူ ဗိုလ်မှူးဟောင်း နေမျိုးအောင် ဆိုသူသည်လည်း အခွင့်အာဏာကို အသုံးပြု၍ ဒေသခံများအပေါ် ဖိအားပေး ငွေတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

အထူးသဖြင့် ယာဉ်မတော်တဆမှုကြောင့် လျှပ်စစ်တိုင်များကို တိုက်မိပါက ဒဏ်ကြေးငွေဟုဆိုကာ သိန်းရာနှင့်ချီ၍ တောင်းခံလေ့ရှိကြောင်း သိရှိရသည်။

“တောင်ကြီး ရှမ်းကွင်းဘက်မှာဆိုရင် ဒဏ်ငွေဆိုပြီး သိန်း ၁၈၀ တောင်းလို့ စကားများကြတာ၊ နောက် ဆုံး တရားရုံး ရောက်သွားတော့ ဒဏ်ငွေ ၂ သိန်းနဲ့ ပြီးသွားတယ်။ ဒီကောင်က သူ့ပထွေး အားကိုးနဲ့ တောင်ကြီးမှာ မိုက်ရိုင်းနေတာ။”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

တောင်ကြီးမြို့သည် ပြည်နယ်မြို့တော် ဖြစ်သော်လည်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေပြီး အချို့ရက်များတွင် တစ်နေကုန် ပြတ်တောက်ကာ ညဘက် လူအိပ်ချိန်ကျမှသာ မီးပြန်ရသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ကြီးတွင် ယခုကဲ့သို့ စစ်တပ်အနွယ်များ ပိုင်ဆိုင်သော မိသားစုပိုင် ကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို လက်ဝါး ကြီးအုပ်ကာ အဆမတန် ငွေကြေးကောက်ခံနေမှုအပေါ် ဒေသခံပြည်သူများက အလွန်အမင်း မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article