ရန်ကုန်၊ ဧပြီ ၂၆
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် နတ်မောက်မြို့နယ်၊ ကျောက်မိုးကျေးရွာနှင့် ထန်းပင်မျှောင်ကျေးရွာအနီးရှိ မြင်းတဲကြီးကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီဘက်မှ စတင်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော် လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။ တော်လှန်ရေးရဲဘော်များမှာမူ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရပါသည်။
နတ်မောက်ဂဠုန် PDF မှ ဗိုလ်အောင်ဒင်က “စစ်ကြောင်းက အင်အား ၁၀၀ လောက်ရှိတယ်။ ကျွန်တော်တို့က မိုင်းကွင်းကနေ ကြားဖြတ်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က အရင်စပစ်လို့ ပြန်တိုက်ခဲ့ရတယ်။ လက် ရှိမှာတော့ စစ်ကြောင်းက ထန်းပင်မျှောင်ရွာထဲ ဝင်ရောက်တပ်စွဲထားသလို၊ အနီးအနားက ကန်သာရွာဘက်မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ခု ရောက်နေပါတယ်။ စုစုပေါင်း အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ ဖြန့်ကျက်ပြီး စစ်ကြောင်းထိုးနေတာပါ” ဟု ရှင်းပြသည်။
ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဂွေးကုန်းကျေးရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ၎င်းစစ်ကြောင်းမှာ သရက်ချောင်းကျေးရွာဘက်မှ ပြန်ဆင်းလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း စာရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ၉၀၃ တပ်ရင်းမှ ရဲဘော်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အညာဒေသမှ တော်လှန်ရေးတပ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




