ရန်ကုန်၊ မတ် ၆
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကောင်စီခန့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ဖုန်းသည် ယနေ့ နံနက် ၆ နာရီ ၃၁ မိနစ်အချိန်တွင် ပစ်သတ်ခံလိုက်ရကြောင်း သိရှိရသည်။
စစ်ကောင်စီခန့် သန်လျင်အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး မောင်ဖုန်း ကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ် ရေး အဖွဲ့က ယနေ့ နံနက် ၆နာရီ ၃၁ မိနစ် အချိန်တွင် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
လက်ရှိတွင် ရန်ကုန်-သန်လျင် မြစ်ကူးတံတားကို စစ်ကောင်စီတပ်များက နံနက် ၇ နာရီမှစတင်၍ ပိတ်ဆို့နေပြီး ရန်ကုန်ဘက်သို့ သွားမည့်ကားများ ရာပေါင်းများစွာ ပိတ်ဆို့နေကြောင်း ဒေသခံများက ပြောသည်။
“စစ်တပ်နဲ့ရဲက သန်လျင်တံတားကို ပိတ်ထားတယ်။ ကုလားဝဲတံတားဘက်ကနေ လှည့်သွားတဲ့ကားလည်း သွားကြတယ်။ အခုတော့ တံတားပိတ်ထားတော့ အလုပ်သွားလုပ်မယ့်သူတွေ ပြည်သူတွေ ပိတ်မိနေတယ်” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။