26 C
Yangon

မန္တလေးတိုင်း မြစ်ငယ်မြို့ရှိ ရပ်ကွက် ၁၃ ရပ်ကွက်လုံးရှိ ပြည်သူ ၈၀,၀၀၀ ကျော်ကို၂ ရက်အတွင်း အပြီး ရွှေ့ပြောင်းရန် အကြမ်းဖက် စစ်ကောင်စီ စာထုတ် ၊ အကြမ်းဖက် စစ်ကောင်စီ အင်အား ၄၀၀ နီးပါးဖြင့် မြို့တွင်း ဝင်ရောက် စခန်းချ

Must read

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ စကာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ကာ မြို့ပေါ်ရှိ လူများ၏ နေအိမ်များ၊ ဈေးဆိုင်ခန်းများကို ကျူးကျော်ဟု သတ်မှတ်ပြီး ၂ ရက်အတွင်း အပြီးဖျက်သိမ်းရွှေ့ဆိုင်းခိုင်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“မြစ်ငယ်မြို့က ဝန်ထမ်းရပ်ကွက် ၁၃ ရပ်ကွက်နဲ့ တည်ရှိနေတဲ့ မြို့လေး။ မီးရထားနယ်မြေဆိုတော့ ဂရန်တော့ မရှိဘူး ။ ဒါပေမဲ့ မီးရထားစက်ရုံ GPC ကို ဆိုင်ခွန် အိမ်ခွန်ဆောင်ပြီးနေလာတာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ အခု မတ်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ပေါင်း သူတို့ လိုင်းခန်းတွေ သော့ပိတ်တာ ၄၁၄ ခန်း၊ ကျူးလို့ သတ်မှတ်ပြီး ဖျက်ခိုင်းတဲ့ အိမ်နဲ့ ဆိုင်ခန်းက ၅၅၃ ခန်း ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ ၂၀၀၀ ကျော်ခန့်၊ ပြည်သူပေါင်း ပျှမ်းမျှ ၈၀,၀၀၀ ကျော်ကို အပြီး ရွှေ့ဆိုင်းရန် ပြောဆိုထားပြီး ၃ ရက်သာ အချိန်ပေးကြောင်း၊ ရပ်ကွက်လမ်းများကို အကြမ်းဖက် စစ်ကောင်စီဝင် စစ်သားနှင့် ရဲ အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပိတ်ဆို့ထားပြီး ပစ္စည်း သယ်သူများကိုသာ ဝင်ခိုင်းတော့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဖယ်ရှားခံရမယ့်ဟာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စကစ တပ်က ဆရာဝန်ရဲ့ မိသားစုအိမ်ပါ ပါတယ်။ မီးရထား CDM ဝန်ထမ်းတွေတုန်းကလည်း လိုင်းခန်းကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ခဲ့ရတယ်။ အခုတော့ မြစ်ငယ် ၁၃ ရပ်ကွက် တစ်ခုလုံး အကုန်ရှင်းပြီး Non CDM တွေပဲ ချန်မယ့် အနေအထားပဲ “ ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်နေသည့်အတွက် CDM များမှာ နေစရာ အိမ်ခန်းများ မရှိတော့သည့်အတွက် အလုပ်ပြန်ဝင်ရန် စာတင်ထားသူများပါ ရှိနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက နေအိမ် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းခိုင်းသည်မှာ ၇ ရပ်ကွက်အထိ ဖြစ်ပြီး ကျန်သည့် ၆ ရပ်ကွက်ကိုလည်း နောက်ရက်များတွင် ဆက်ဝင်မည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ပြောင်းရွှေ့နေကြရသည့် မိသားစုတချို့၏ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article