24.8 C
Yangon

မိုးညှင်းနှင့် နန်းမားကြားတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်၊ မတ္တရာရှိ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် နန့်မားကျေးရွာကြားမင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နံနက် ၇ နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကျယ်လောက်စွာ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မိုးညှင်းမြို့ဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ မိုးညှင်းအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးနေကြောင်း ကချင်သတင်းများက ရေးသားဖော်ပြသည်။

မိုးညှင်းနဲ့ နန့်မားကြားရှိ ကွင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း လက်နက်ကြီး ပစ်ခတ်သံများကို ကျယ်လောင်စွာကြားနေရကြောင်း မိုးညှင်းမြို့နှင့် နန့်မားကျေးရွာ ဒေသခံများက ပြောဆိုကြသည်။

“ကျနော်တို့ သိရသလောက်ကတော့ စစ်ကားတန်းကို KIA နဲ့ အဲဒီက PDF တပ်ဖွဲ့တွေ ဝိုင်းတိုက်တယ်ပေါ့၊ နောက် စစ်တပ်က အထိနာပုံရတော့ ကားလမ်းအနောက်ဖက်က ကွင်းကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးတယ်၊ အဲဒီဘက်မှာ KIA နဲ့ PDF တွေရဲ့ စခန်းရှိတယ်လို့ သိထားရတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်တယ်၊ အသေးစိတ်ကတော့ မသိသေးဘူး” ဟု ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ရန်ကုန်ခေတ်သစ်က ကြိုးစားဆက်သွယ်နေပြီး ဆက်သွယ်လို့ မရသေးပေ။

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA အမှတ် (၈) တပ်မဟာ၏ လှုပ်ရှားနယ်မြေအတွင်း တည်ရှိသည်။

အလားတူ မတ္တရာမြို့၊ စိုးမိုး ၂ ဆိုင် မြောက်ဘက်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၁ ခုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီ ၄၃ မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပ.က.ဖ မတ္တရာက သတင်းထုတ်ပြန်သည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို ကနဦး မသိရှိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများကို ပတ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ပ.က.ဖ မတ္တရာက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ကချင်လွတ်လပ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article