ရန်ကုန်၊ မတ် ၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်မှ ရသေ့ဂူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ မတ်လ ၇ ရက် နံနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်စွဲထားရာ အမြှောက်ကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေကြောင်း သတင်းရရှိသည်။
ရသေ့ဂူဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရသဖြင့် လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ပိတ်မိနေလို့ လက်နက်ကြီးပစ်ကူတွေ တရစပ် ပစ်နေတာ၊ တိုက်ပွဲမှာ စစ်ခွေး အသေစာရင်းတော့ မသိရသေးဘူး၊ PDF ၁ ဦးကျတယ်၊ ၁ ဦး ဒဏ်ရာရတယ်လို့ လောလောဆယ် သိရတယ်” ဟု လေးကေ့ကော်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး ကျဆုံးကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာသဖြင့် မတ်လ ၂ ရက်နေ့မှ စတင်ကာ နှစ်ဖက်ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်မှုများ ရှိကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင် ၁ ဦး (ပုံအဟောင်းဖြစ်ပါသည်)