28 C
Yangon

ပေါက်မြို့နယ် အင်းငယ်ဒေါင့်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် မအေးအေးဝင်းကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်၊ ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါ ဓားဖြင့် ထိုးသတ်သွား၊ PDF ၅ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကလေး ၉ ဦးအပါအဝင် ၂၉ ဦးကို လူသားတံတိုင်းအဖြစ် ဓားစာခံဖမ်းဆီးသွား(ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ပေါက်မြို့နယ်၊အင်းငယ်ဒေါင့်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ်မအေးအေးဝင်းကို စစ်ကောင်စီတပ်များက မုဒိန်းကျင့် သတ်ဖြတ်လိုက်ပြီး အတူတူရှိနေသည့် အသက် ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါဓားဖြင့် ထိုးသတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ညပိုင်း စစ်ကောင်စီတပ်များက အင်းငယ်ဒေါင့်ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရချိန် သမီးငယ်နှင့်အတူ ထွက်ပြေးရန် ပြင်ဆင်နေသည့် မအေးအေးဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ရှေ့ကဇရပ်ပေါ်တွင် မုဒိန်းကျင့်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ရွာကလူအားလုံးပြေးနေရတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးက ကလေးတစ်ဖက်နဲ့ပြေးဖို့လုပ်နေတုန်းမှာဖမ်းမိသွားတာ။အဲ့ဒီမှာ အိမ်ရှေ့နားကဇရပ်ပေါ်မှာတင် မုဒိန်းဝိုင်းကျင့်ပြီးသတ်ပစ်လိုက်တာပဲ။ သမီးလေးကိုလည်း ဘယ်ဖက်ရင်အုံပေါ်ဓားနဲ့တစ်ချက်ထိုးပြီးတစ်ခါတည်းသတ်သွားတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

အင်းငယ်ဒေါင့်ကျေးရွာကို ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၇၀ ကျော်က ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်မှုအပါအဝင် ပြန်လည်ခုခံခဲ့တာကြောင့် တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသခံ PDF များဘက်မှလည်း ၅ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က ၂၀ လောက်သေတယ်။အလောင်းတွေကိုလှည်းတွေနဲ့စုပြုံတင်သွားတာ။ဘုန်းကြီးကျောင်းထဲမှာလည်းဆေးကုသွားကြတယ်။PDF ၅ ယောက်ကိုတော့ဖမ်းမိလို့နှိပ်စက်ပြီး မီးပုံရှို့သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာချိန်တွင် ကလေးငယ် ၉ ယောက်၊အမျိုးသမီး ၁၂ ယောက်နှင့် အမျိုးသား ၈ ယောက်ကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများတွင် မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည့် မအေးအေးဝင်း၏ အသက် ၁၁ နှစ်အရွယ်သမီးလည်းပါသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article