ရန်ကုန်၊ မတ် ၂၁
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန်၏ မြန်မာခရီးစဉ်သည် ဖိနှိပ်ခံ မြန်မာပြည်သူများကို စစ်အာဏာရှင်၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ပြန်သွပ်သွင်းနေ၍ သပိတ်အင်အားစု ၃၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တော်လှန်ရေးအင်အားစုများ (GSCB)က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာသည်။
မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်သော GSCB ၏ ကြေညာချက်တွင် အာဆီယံအထူး ကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အဖြစ် မတ်လ ၂၀ မှ ၂၃ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး၊ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အပါ အဝင် စစ်ကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဟု သိရှိရကြောင်း၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားတော် လှန်ရေး အဖွဲ့အစည်း၁၀ဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားမှုကိုလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။
ပထမအကြိမ်ဖြစ်သည့်အတွက် လိုချင်လောဘများစွာ မထားရန်ဆိုသည့် အာဆီယံအထူးကိုယ်စားလှယ်၏ ပြောကြားချက်သည် အာဆီယံ၏မူ မဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ် ကြောင်း၊ ထို့ပြင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆၊ ၁၇ ရက်များတွင် ကမ္ဘော ဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော the ASEAN Foreign Ministers’ Retreat တွင် တိုက်တွန်းချက်များဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council)၊ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)တို့နှင့် တွေ့ဆုံရန်နှင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၇ မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့ညီလာ ခံ၏ ဆုံးဖြတ်ချက်များကို အလေးထား စောင့်ကြည့်ရန်တို့ကို ဤခရီးစဉ်တွင် ထည့်သွင်းမထားခြင်းက မြန်မာပြည်သူလူထု၏ဆန္ဒ နှင့် ၂၀၂၁ခုနှစ် နွေဦးတော် လှန်ရေးအင်အားစုများ အားလုံးကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း GSCB က ထောက်ပြထားသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို နေ့စဉ်ရက်ဆက် အပြင်းအထန် ဆန့်ကျင်တော်လှန်နေကြသည်မှာ အထင်အရှားဖြစ်ပြီး၊ ဤခရီးစဉ်မတိုင်မီ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ချက်ချင်းရပ်တန့်ရေးအတွက် အာဆီယံအနေဖြင့်လည်းကောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့်လည်းကောင်း တိုက်တွန်းတောင်းဆိုရန် ပျက်ကွက်ခဲ့ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုသည့် လုပ်ရပ်ဖြစ်သည့်အတွက် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများ (GSCB)က ဤခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာသည်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် (GSCB)အနေဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် သုတ်သင်ဖယ်ရှားပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ ၂၀၀၈ဖွဲ့စည်းပုံအောက်သို့ ပြန်လည်သွတ်သွင်းသည့် အာဆီယံအပါအဝင် နိုင်ငံတကာ၏ မည်သည့်ကြိုးပမ်းမှုကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း အတိအလင်း ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ- အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူး ပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန်။