ရန်ကုန်၊ မတ် ၂၄
စစ်ကောင်စီက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The Global New Light of Myanmar သတင်းစာတွေ ဖတ်ရှုသူ နည်းပါးပြီး စောင်ရေ အလွန်ကျဆင်းနေလို့ စစ်ကောင်စီဝန်ထမ်းတွေအားလုံး သတင်းစာ မဖြစ်မနေ ဖတ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ထုတ်ဝေနေတဲ့ သတင်းစာတွေ ပျံနှံ့ရောက်ရှိမှု အားနည်းနေတဲ့အတွက် စစ်ကောင်စီဝန်ကြီးဌာနတွေအားလုံး သက်ဆိုင်ရာ ဌာနအလိုက် သတင်းစာတွေ ဝယ်ယူအားပေးကြဖို့နဲ့ သတင်းစာတွေ ဖတ်ပြီး စစ်ကောင်စီရဲ့ သဘောထားကို နားလည်လာကြဖို့ တည်ငြိမ်အေးချမ်းရေးမှာ ပိုမို အပြုသဘော ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေဖို့ ရည်ရွယ်တယ်လို့ ညွှန်ကြားချက်မှာဆိုပါတယ်။
ဝန်ကြီးဌာနတွေအပြင် ရဲစခန်း၊ မီးသတ်၊ ဦးစီးဌာနတွေ၊ ကျောင်းတွေ၊ ရပ်ကွက်ရုံးတွေပါမကျန် ကြေးမုံ၊ မြန်မာ့အလင်းနဲ့ The Global New Light of Myanmarတွေကို တစ်စောင် ငွေကျပ် ၁၀၀ နှုန်းသာကျသင့်ပြီး ဝန်ကြီးဌာနတွေ၊ ဝန်ထမ်းတွေအနေနဲ့ ဝယ်ယူအားပေးကြဖို့ အမိန့်ထုတ် ညွှန်ကြားထားပါတယ်။