ရန်ကုန်၊ မတ် ၂၄
မန္တလေး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဖန်းဒေါင့်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂၃ ရက်နေ့ နံနက် ၄နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုချစ်သဲအောင်၊ ကိုကိုဦးနှင့် ကိုရှိုင်းကိုကိုတို့ကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၁ဝ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင် တပ်စွဲကာ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ပြီး ကိုချစ်သဲအောင်၊ ကိုကိုဦးနှင့် ရှိုင်းကိုကို တို့ကို သတ်ဖြတ်ကာ ပြည်သူ ၁ဝ ဦးကျော်ကို ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။
” မတ်လ ၂၃ ရက်နေ့ နံနက် ၄နာရီလောက် ရွာထဲကို စစ်ခွေးတွေက ဝင်စီးတယ်။ အပြစ်မဲ့ ပြည်သူ ၁၃ ဦးကျော်ကို ဖမ်းဆီးသွားတယ်။ စာသင်ကျောင်းထဲမှာ စစ်ခွေးတွေက တပ်စွဲထားပြီး တစ်ရက်လုံး အစာမကျွေးပဲ ဖမ်းဆီး ခေါ်ဆောင်သွားတာ ည ၁ဝနာရီ ၃ဝမိနစ်လောက်မှာ ဖမ်းထားတဲ့ သူတွေအကုန်လုံးကို ခေါ်ပြီး ရွာထဲက ပြန်သွားတယ်။ သူတို့ဖမ်းဆီးထားတဲ့ သူတွေထဲက ကိုချစ်သဲအောင်၊ ကိုကိုဦးနဲ့ ရှိုင်းကိုကို တို့ကို သတ်ဖြတ်ပြီးတော့ ရုပ်အလောင်းကို မတ္တရာ ရင်ခွဲရုံမှာ လာယူခိုင်းတာပါ”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ယင်းအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီးထားသည့် ပြည်သူ ၁ဝဦးကျော်ကို လက်ရှိချိန်ထိ မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ ၎င်းတို့၏ အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် မတ်လ ၁၂ ရက်နေ့ကလည်း ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၄ဦးနှင့် ဆရာတော် တစ်ပါးကို ဖမ်းဆီးခဲ့ကာ ပြည်သူ ၃ဦးကို့ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော် ဦးကုမာရနှင့် ကိုဇွန်ရှိုင်းအောင်ကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်သော သဖန်းဒေါင့်ရွာသား ကိုချစ်သဲအောင်၊ ကိုကိုဦးနှင့် ကိုရှိုင်းကိုကိုတို့၏ ရုပ်အလောင်းများ။